မြန်မာအစိုးရ၏ လတ်တလော လှုပ်ရှားမှုများကြောင့် တရုတ်အစိုးရ တုန်လှုပ်သွားလိမ့်မည်ဟု ကမ္ဘာကျော် စာနယ်ဇင်းသမား Fareed Zakaria က CNNရုပ်သံ၏ ယခုတပတ် GPS အစီအစဉ်တွင် ပြောလိုက်သည်။
“ချမ်းသာတဲ့နိုင်ငံတချို့ မလုပ်ဝံ့တာကို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတခုက ဒီရက်ပိုင်းတွေအတွင်းမှာ လုပ်ပြလိုက်ပါတယ်။ (မြန်မာအစိုးရက) တရုတ်အစိုးရကို ဟင့်အင်းလို့ ပြောလိုက်ပါပြီ” ဟု Fareed Zakaria က တနင်္ဂနွေနေ့ GPS အစီအစဉ်တွင် သုံးသပ်လိုက်သည်။
ယခင်တပတ်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ သွားရောက်ခြင်း၊ သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်းတို့ကြောင့် တရုတ်အစိုးရ တုန်လှုပ်သွားလိမ့်မည်ဟု သူက ဆိုသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်က မြန်မာနိုင်ငံတွင် ပွင့်လင်းမှုများ ရှိနေသည်ကို ပြသနေသည်ဟု Fareed Zakaria က ပြောသည်။
တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်မှ ရုန်းထွက်လိုဟန်ရှိသည့် မြန်မာအစိုးရသည် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို လိုလားနေပြီး နိုင်ငံတကာနှင့် ပိုမိုညှိနှိုင်းလိုဟန်ပြနေသည်ဟုလည်း Fareed Zakaria က သုံးသပ်ထားသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းမှုများသည် အာရှဒေသအတွင်း အမေရိကန်၏ သြဇာကြီးထွားရေးအတွက် လမ်းကြောင်းတခုပွင့်သွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
“တရုတ်အစိုးရက မြန်မာနဲ့ ရင်းရင်းနှီးနှီး ဖြစ်နေဦးမှာပဲ၊ အိန္ဒိယကလည်း ဒီလိုပဲ။ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံ ၃ ခုစလုံးနဲ့ ဆက်ဆံချင်တာကတော့ ထင်သာမြင်သာ ရှိပါတယ်။ အဲဒီလို လုပ်ဖို့၊ အမေရိကန်ရဲ့ အာရုံ စိုက်ခံရဖို့ ဆိုရင်တော့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ဖွင့်ပေးရမယ် ဆိုတာကို သတိထားမိလာပါပြီ” ဟု Fareed Zakaria က သုံးသပ်သည်။
အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် အမြတ်ထွက်မည့်သူတို့မှာ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည့် မြန်မာပြည်သားများ ဖြစ်ဖွယ်ရှိသည်ဟုလည်း သူက ဝေဖန်သုံးသပ်ပြခဲ့သည်။
စာရေးဆရာ၊ သတင်းစာဆရာ Fareed Zakaria သည် ကမ္ဘာကျော် မဂ္ဂဇင်း Newsweek တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ယခုအခါ Time မဂ္ဂဇင်း နှင့် CNN ရုပ်သံတို့တွင် လုပ်ကိုင်လျက်ရှိသည်။
CNN ရုပ်သံ၏ GPS ခေါ် Global Public Square သည် နိုင်ငံတကာရေးရာများကို အပတ်စဉ် သုံးသပ် တင်ဆက်သည့် Fareed Zakaria ၏ အစီအစဉ်ဖြစ်သည်။