မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်းမှ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မည်သည့်မြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဟု မဆုံးဖြတ်ရသေးကြောင်း သတင်းရသည်။
မကြာသေးခင်ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်တွင်း
ပြည်ပ သတင်းဌာနများတွင် ဖော်ပြခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက“ဘာမှ သေချာမဆုံးဖြတ်ရသေးပါဘူး၊ စဉ်းစားထားတဲ့ အဆင့်ပါပဲ၊ အခု လောလောဆယ်တော့ ကော်မရှင်ကြေညာချက်ကို စောင့်နေတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်မှ လစ်လပ်မဲဆန္ဒနယ် အရေအတွက် ကြေညာချက် ထွက်ပေါ်လာလျှင် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်က ကြားဖြတ်ရွေးကောက်ပွဲများကို မည်သည့်အချိန်ကာလတွင် လုပ်မည်ဟု တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်သုံးလအတွင်း ပြုလုပ်ဖွယ် မရှိသေးကြောင်း မကြာမီက ပြည်တွင်းစာနယ်ဇင်းများကို ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည့် ကော့မှူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်၍ ကော့မှူးမြို့ခံ NLD ပါတီဝင် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား တာဝန်ပေးထားကြောင်း ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
မစုစုနွေးက“အတိအကျ ဘာတာဝန်မှ မပေးသေးပါဘူး၊ ပေးလာရင်လည်း ကျေပွန်အောင် လုပ်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မိခင် ဒေါ်ခင်ကြည် ၏ မွေးရပ်ဇာတိဖြစ်သည့် ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှ ဒေသခံ NLD ပါတီ ဝင်များကလည်း ၎င်းတို့နယ်မြေမှ ဝင်ရောက်အရွေးခံရန် လိုလားနေကြသည်ဟု အမည်မဖော်လိုသည့် NLDပါတီဝင် တဦးက ပြော သည်။
ယခုအခါ NLD ပါတီသို့ တခြားသော ဒီမိုကရေစီ အင်အားစုများ၏ လာရောက် ပူးပေါင်းလိုသည့် ဆန္ဒများကို ကြားသိနေရကြောင်း၊ ပါတီသို့ ဝင်လိုသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းကလည်း“NLDနဲ့ ဘယ်လိုအခန်းကဏ္ဍက ဖြစ်ဖြစ် ပူးပေါင်း သွားမယ်”ဟု ပြောဆိုသည်။
သို့သော် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ကမူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင် များ၊ သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသား အများအပြား အကျဉ်းထောင်များထဲတွင် ရှိနေသေးကြောင်း၊ ထို့ကြောင့် ရွေးကောက် ပွဲနှင့် ပတ်သက်၍ တစုံတရာထည့်သွင်း စဉ်းစားမည်မဟုတ်ကြောင်း ယမန်နေ့က ထုတ်ပြန် ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ပါတီဝင်အများစု ဆန္ဒအရ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင် ဆန်း စုကြည်က နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်မည်ဟု ဆုံးဖြတ်ထားကြောင်း၊ တနိုင်ငံလုံးရှိ NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ကြောင်း ၎င်းအား ပြောဆိုသည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။