နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ပထမဆုံး နိုင်ငံခြား သံရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ် သံရုံးကို ဆောက်လုပ်ဖွင့်လှစ်ရန် ယမန်နေ့ မွန်းလွဲပိုင်းကပန္နက်တင် အခမ်းအနား ကျင်းပသည်။
ယင်း အခမ်းအနားသို့ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှင့် မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မျိုးမြင့်တို့ တက်ရောက်သည်ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Maj.Gen Anup Kumar Chakmands ကလည်း“ပထမဦးဆုံး လာလို့ နေရာ ကောင်းပေးတဲ့ အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါတယ်”ဟု အခမ်းအနားတွင် ပြောသည်။
ဘင်္ဂလားဒေ့ရှ်သံရုံး တည်ဆောက်မည့်နေရာသည် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်ရှိ ဂျန်းရှင်း ဟိုတယ်၏ နောက်ဘက်တွင် တည်ရှိပြီး နေရာကောင်းဖြစ်ကြောင်း သိရသည်။
ပန္နက်တင်အခမ်းအနား ကျင်းပသော်လည်း သံရုံးအဆောက်အအုံစတင်ဆောက်လုပ်မည့်နေ့ရက်ကိုမူ တာဝန်ရှိသူများကပြောကြား ခြင်းမရှိပေ။
သို့သော် နောက်ထပ် တရုတ်၊ အိန္ဒိယ၊ ဆော်ဒီ အာရေးဗီးယားနှင့် ရုရှား သံရုံးများလည်း မကြာမီနေပြည်တော်သို့လာရောက်အခြေ စိုက်မည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တဦးက ပြောသည်။
ဒက္ခိဏသီရိမြို့နယ်တွင် သံတမန်ဇုန်အဖြစ် သံရုံးများကို နေရာပေးရန် ပေ ၅၀၀ ပတ်လည်မြေကွက် ၁၂၀ ဖော်ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၅ ရက်နေ့က ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ယင်းသို့ တွေ့ရာ၌ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန် ကုန်သွယ်ရေး နှင့် စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာများ အပါအဝင် နှစ်နိုင်ငံအကြား လေကြောင်း ပျံသန်းမှု၊ ရေကြောင်း ဆက်သွယ်ရေး၊ ကားလမ်း ရထားလမ်း ဆက်သွယ်ရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံမှ လောင်စာစွမ်းအင် ဝယ်ယူနိုင်ရေးနှင့် ရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စများ ကိုလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း Reuters သတင်းတွင်လည်း ရေးသား ထားသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်၌ ၎င်းနှင့်အတူ အဖွဲ့ဝင် ၉၀ ခန့်တွင် စီးပွားရေးလုပ်ငန်းရှင် ၃၈ ဦးခန့် လည်း ပါဝင်ခဲ့သည်။
ထိုဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင်များသည် ဒီဇင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်နှင့် နေပြည်တော်၌ နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍများ ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြကြောင်း သိရသည်။