အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးလွင်သည် ယမန်နေ့ညက ရန်ကုန်မြို့ နေအိမ်တွင် လူကြီးရောဂါနှင့် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။

NLD အတွင်းရေးမှူး ဦးလွင် ကွယ်လွန်ကြောင်း၊ ကြာသပတေးနေ့ မွန်းလွဲ ၁နာရီ မိနစ် ၃၀ တွင် ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုက သတင်းစာတွင် ယနေ့ ကြော်ငြာ ထည့်သွင်းထားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့တွင် ဦးလွင် ပါဝင်ခဲ့ဖူးသော်လည်း ထိုရာထူးများကို နာရေးကြော်ငြာတွင် ထည့်သွင်းခြင်း မပြုဘဲ NLD ပါတီ တာဝန်ကိုသာ ဖော်ပြလိုက်သည်ဟု ဦးလွင်၏ သားမက်ဖြစ်သူ ဦးထင်ကျော်က ဧရာဝတီကို ပြောသည်။
ကွယ်လွန်ချိန်တွင် သမီးဖြစ်သူ ဒေါ်စုစုလွင်၊ သားမက် ဦးထင်ကျော် (စာရေးဆရာ ဒလဘန်း)၊ မြေး ၃ ဦး ကျန်ရစ်ခဲ့သည်။
ဦးလွင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ ကာကွယ်ရေး တပ်မတော်(BDA) တို့တွင် ပါဝင်ခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း၊ ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် တို့ကို တက်ရောက်ခဲ့သည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလ နှင့် တရုတ်ဖြူကျူးကျော်မှု တိုက်ပွဲများတွင် တပ်မှူးတဦးအဖြစ် ပါဝင်ခဲ့သော ဦးလွင်သည် ၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးဖြစ်လာသည်။
တော်လှန်ရေးကောင်စီ လက်ထက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များ ယူခဲ့သည့် ဗိုလ်မှူးကြီးဟောင်း ဦးလွင်သည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့်အတွက် မော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံဂုဏ်ရည် ပထမအဆင့်နှင့် သီရိပျံချီဘွဲ့တို့ကို ရရှိခဲ့သည်။
၁၉၈၈ ခုနှစ် NLD ဖွဲ့စည်းရာတွင် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးလွင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သုံးခွမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရသည်။ ၁၉၉၁ ခုနှစ်တွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖြစ် စတင် တာဝန်ယူခဲ့သည်။
ဦးလွင်သည် ၁၉၈၉မှ ၁၉၉၅ အထိ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ကျခံရသည့် ကာလအတွင်း NLD ကို ဆက်လက် ဦးစီးခဲ့သူတဦးဖြစ်ပြီး ထိုကာလအတွင်း ပါတီတွင် လုပ်ရည်ကိုင်ရည်ရှိသော လူငယ်များအား နေရာမပေးလိုသူ တဦး အဖြစ် ဝေဖန်ခံခဲ့ရသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် NLD ၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ် တာဝန်ယူစဉ် ဦးလွင်သည် သတင်းဌာနများနှင့် ဆက်ဆံရေး ပြေပြစ်ခြင်း မရှိခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ စီစဉ်သည်ဟု အများက ယူဆကြသည့် ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် တခြားသော NLD ခေါင်းဆောင်များနည်းတူ ဦးလွင်လည်း တနှစ်ကြာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။
၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် NLD ပါတီတာဝန်များမှ အနားယူခဲ့သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးလွင်သည် ဘဏ္ဍာရေးဆိုင်ရာ အတွေ့အကြုံ၊ ရိုးသားဖြောင့်မတ်မှု ဂုဏ်သိက္ခာတို့ကြောင့် NLD ၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ပေးခံခဲ့ရခြင်း ဖြစ်သည်ဟု ဂျပန်နိုင်ငံထုတ် သတင်းစာတစောင်သို့ ပေးပို့သော ဆောင်းပါးတွင် ရေးသားခဲ့ဖူးသည်။
ဦးလွင်သည် “၁၉၉၀ နောက်ပိုင်း နိုင်ငံရေးပါတီတခုအဖြစ် NLD ဆက်လက် ရပ်တည်ရေးအတွက် နှောင့်ယှက်ခြိမ်းခြောက်မှု အမျိုးမျိုးကြားထဲမှ ရုန်းကန်နေရသည့် ဦးအောင်ရွှေအား အထူး ကူညီခဲ့သူ” ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လများအတွင်း ကျန်းမာရေး မကောင်းသည့် ဦးလွင်အား ၃ ကြိမ် သွားရောက် အားပေးခဲ့သည်ဟု သိရသည်။
ယနေ့နံနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်အများအပြား ဦးလွင်၏ နေအိမ်သို့ သွားရောက်ပြီး နာရေးသတင်းမေးကြသည်။
“ဦးလွင်ဟာ ရိုးသားဖြောင့်မတ်တဲ့ စစ်သားကောင်းတယောက်ဖြစ်တယ်လို့ မြင်ပါတယ်” ဟု ရန်ကုန်မြို့မှ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီကို ပြောသည်။