ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ယာယီ ရပ်ဆိုင်းထားသော တရုတ် ကုန်တင် သင်္ဘောများကိုယခုလ ၁၁ ရက်နေ့တွင် တရုတ်အာဏာပိုင်များက ပြန်လည် သွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ကုန်တင် သင်္ဘောများ ပြန်လည်သွားလာမှုကို ကြိုဆိုသည့် အနေဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပရန် စီစဉ်ထားကြောင်း ချင်းရိုင် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ချဝလစ် စူထဝုန်းက ဧရာဝတီသို့
ပြောသည်။
ယင်း တရုတ်ကုန်တင် သင်္ဘောများကို တရုတ် ရေပိုင်နက် အပါအဝင် လာအို၊ မြန်မာ ရေပိုင်နက်များတွင် တရုတ်အာဏာပိုင်များက လုံခြုံရေး တာဝန်ယူမည် ဖြစ်ပြီး ထိုင်းရေပိုက်နက်တွင်မူ ထိုင်းဘက်က လုံခြုံရေး တာဝန်ယူပေးရမည်ဟု ၎င်းက ဆိုသည်။
တရုတ် ကုန်သင်္ဘောများသည် တရုတ်နိုင်ငံ ယူနန်မြို့ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန်မြို့အထိ ကုန်ပစ္စည်းများ အပြန် အလှန် သယ်ယူပို့ဆောင်နေကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအနေနှင့် တရုတ်နိုင်ငံသို့ ကြက်သား၊ သကြား၊ ဆီ၊ ကားတို့ တင်ပို့ပြီး တရုတ်နိုင်ငံဘက်က ပန်းသီး၊ လိမ္မော်သီး၊ စပြစ်သီး စသည့် သစ်သီးဝလံများကို ထိုင်းနိုင်ငံသို့ ပြန်လည် တင်သွင်းကြောင်း၊ ထိုင်းနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်း၏ တန်းဖိုမှာ တလတွင် ဘတ် သန်း ၈၆၀ ကျော်ရှိပြီး တရုတ်နိုင်ငံက ၆၉ သန်းခန့် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ တရုတ် ကုန်တင်သဘောၤ၂ စီး အမည်မသိ လက်နက်ကိုင် တစု၏ တိုက်ခိုက်မှုကို ခံရပြီးနောက် မဲခေါင်မြစ်တွင် သွားလာနေသော ကုန်တင်သင်္ဘောများကို တရုတ် အာဏာ ပိုင်များက ရပ်ဆိုင်ထားခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်ခံရမှုကြောင့် တရုတ် နိုင်ငံသား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မြန်မာ၊ ထိုင်း နှင့် လာအို နိုင်ငံများပူးပေါင်း၍ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် တရုတ် အာဏာပိုင်များက ပြောဆိုထားသည်။
မဲခေါင်မြစ် အတွင်း လုံခြုံရေးအတွက် အဆိုပါ ၃ နိုင်ငံက ပူးပေါင်း တာဝန်ယူရန်နှင့် ထောက်လှမ်းရေး သတင်း အချက်အလက်များ ဖလှယ်ကြရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
တရုတ်သဘောၤသား ၁၃ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်း စစ်သား ၉ ဦးသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန် မြို့နယ် ရဲ ဌာနတွင် အောက်တိုဘာလက လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်းသတင်းများကလည်း ဖော်ပြသည်။
အဆိုပါ တရုတ်သင်္ဘောသားများ၏ ရုပ်အလောင်းများကို ချင်းစန်မြို့နယ်အတွင်း အောက်တိုဘာ ၅ ရက်နှင့် ၈ ရက်နေ့များကတွေ့ ရှိခဲ့ပြီး ၉ ဦး ၏ ရုပ်အလောင်များတွင် လက်ကိုကြိုးတုပ်၍ မျက်စိကို ပိတ်စည်းထားသည်များကိုတွေ့ရှိရကြောင်း၊ အားလုံး ၁၃ ဦးဖြစ်ပြီး ကျန်တဦး မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်သည် ရှမ်းမူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဖြစ်ကြောင်း စောစောပိုင်းတွင် ထိုင်းနှင့် မြန်မာအာဏာပိုင်များ၏ စွပ်စွဲမှု များလည်း ရှိသည်။
ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ်ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။
နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ် သည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည်။