မီဒီယာ လောကသားများ အတွက် ယခုတပတ်အတွင်း သတင်းကောင်း အဖြစ် ဆင်ဆာ ဖြေလျော့မှု ပြုလုပ်ခဲ့ရာ မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊မဂ္ဂဇင်း ၅၀ ကျော်အား စာပေစိစစ်ရေး တင်ပြရန် မလိုတော့ဘဲ ထုတ်ဝေခွင့်ပြု လိုက်ပြီဖြစ်သည်။
“မှုခင်းနဲ့စီးပွားရေး ၂ မျိုးကို တင်ထုတ်ကနေ ထုတ်တင်အဖြစ် မနေ့က အစည်းအဝေးကနေ ခွင့်ပြုလိုက်တာပါ။ ဂျာနယ်တွေက အများကြီး ဆိုတော့ ဘာတွေလဲဆိုတာ အကုန်လုံးတော့ မမှတ်မိဘူး” ဟု စာပေစိစစ်ရေး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
စီးပွားရေး အကြောင်းအရာများ၊ မှုခင်းရေးရာ သတင်းများ၊ ဥပဒေနှင့် ပတ်သက်သော အကြောင်းအရာများ ရေးသားသည့် ဂျာနယ်၊ မဂ္ဂဇင်း အားလုံးကို စာပေစိစစ်ရေးသို့ တင်ပြရန် မလိုဘဲ ထုတ်ဝေခွင့်အား ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်၍ ခွင့်ပြု တော့မည် ဖြစ်သည်။
“စီးပွားရေး မဂ္ဂဇင်း ဆိုပေမယ့် နိုင်ငံရေး ကိစ္စတွေပါ ရေးတဲ့ မြန်မာ့ဓန မဂ္ဂဇင်းကတော့ မရသေးပါဘူး။ ဒါပေမယ့် မကြာခင် ခွင့်ပြုပေးမယ်လို့ ထင်ပါတယ်” ဟု မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။
ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော် အတွက် စိစစ်ရေးဆင်ဆာ မရှိတော့သောကြောင့် လွတ်လပ်စွာ ရေးသားထုတ်ဝေနိုင်တော့မည် ဖြစ်၍ ကြိုဆိုကြောင်း၊ မီဒီယာ လုပ်ငန်းလုပ် ကိုင်သူများအတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ပိုလာသည့်အတွက် သတိထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ဆင်ဆာ မရှိတော့တဲ့အတွက် ထုတ်ဝေပြီးတဲ့အခါမှာ ပြဿနာတွေ ရှိလာနိုင်တယ်။ ဒီတော့ မီဒီယာသမားတွေအတွက် အရေးကြီးတာက အရည်အချင်း ပိုရှိဖို့လိုအပ်မယ်။ သတိထားဖို့ လိုလာမယ်” ဟု ဦးသီဟစောက ဆိုသည်။
ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စသည့်စာပေ အမျိုးအစား ၅ ခုကို ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ်ဝေပြီးမှ စိစစ်ရေးတင်ရန် ခွင့်ပြုပေးခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူပြီး နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့် တချို့ ရှိခဲ့ပြီး နိုင်ငံရေးသတင်းနှင့် ဓာတ်ပုံများ ကို အတန်အသင့် ဖော်ပြခွင့်ရလာကြောင်း သိရသည်။
“နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဆင်ဆာ ဖြတ်တာက အရင်လို အများကြီး မဟုတ်တော့ပါဘူး။ ခပ်ပါးပါး လောက်ပဲ ဖြတ်တာ
တွေ့ရတယ်” ဟု Yangon Media Group ၏ အမှုဆောင်အရာရှိ ကိုကို (စက်မှုတက္ကသိုလ်) က ဆိုသည်။
သတင်းဂျာနယ်များကို ၂၀၁၂ ဇန်နဝါရီလမှ စတင်၍ စိစစ်ရေး တင်ပြရန်မလိုအပ်ဘဲ ထုတ်ဝေခွင့်ပြုတော့မည်ဟု သတင်းများ ထွက်နေသော်လည်း မသေချာသေးကြောင်း ဂျာနယ် ထုတ်ဝေသူများက ပြောသည်။
“ပထမအသုတ် ဆင်ဆာကင်းလွတ်ခွင့် ပြုတာနဲ့ အခုခွင့်ပြုတာ ၆ လကြာတယ်၊ ဒီတော့ သတင်းဂျာနယ်တွေ စိစစ်ရေး ကင်းလွတ်ဖို့ကိုလည်း နောက်ထပ် ၆ လ လောက်တော့ စောင့်ရဦးမယ်လို့ ထင်ပါတယ်” ဟု ကိုကို (စက်မှုတက္ကသိုလ်) က ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပြီ ဖြစ်၍ ခေတ်နှင့်လျော်ညီစွာ စာပေစိစစ်ရေးဌာနကို မထားရှိသင့်တော့ဟု ထင်မြင်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အောက်တိုဘာလ အတွင်း ပြောခဲ့သေးသည်။
အမေရိကန်နိုင်ငံကြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု သတင်းနှင့် ဓာတ်ပုံများကို အပတ်စဉ်ထုတ် ဂျာနယ်များ၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့ကြရာ တချို့သော ဂျာနယ်များမှာ စိစစ်ရေး မတင်ဘဲ ထုတ်ဝေခဲ့ကြသော်လည်း အရေးယူခြင်း မခံရကြောင်း ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများ အပါအဝင် တခြားသော နိုင်ငံရေး သတင်းများ၊ ဆောင်းပါးများကို ရေးသား ဖော်ပြခွင့် ရသည့်တိုင် ကချင်ပြည်နယ်နှင့် ဒေသတချို့၌ ဖြစ်ပွားနေသော စစ်ပွဲသတင်းများ၊ ဒုက္ခသည် သတင်းများ၊ အစိုးရအား ထိခိုက် စေမည့် သတင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးအား ထိခိုက်စေနိုင်မည့် သတင်းများကို ယခုထိ စိစစ်ဖြတ်တောက်နေဆဲ ဖြစ်ကြောင်း ဂျာနယ် ထုတ်ဝေသူများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့် ရနေသော်လည်း ၎င်း၏ဓာတ်ပုံကို မျက်နှာဖုံးတွင် အပြည့် ဖော်ပြခဲ့သည့် ဂျာနယ်တစောင်သည် စိစစ်ရေးက ခွင့်ပြုသည့် ပမာဏထက် ပုံကြီးချဲ့ ဖော်ပြခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်လ အနည်းငယ်က ထုတ်ဝေခွင့် ၂ ပတ်အပိတ် ခံခဲ့သည်။ ထို့ကြောင့် စိစစ်ရေးဌာန၏ မူဝါဒ တိကျမှု မရှိခြင်းအပေါ် စာနယ်ဇင်း အသိုင်းအဝန်းက ဝေဖန်ထောက်ပြမှု တချို့ ရှိခဲ့သည်။
“စိစစ်ရေးက ဖြေလျော့မှုတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် ဘာကိုတော့ ဖြတ်မယ်၊ ရေးလို့မရဘူး ဆိုတာတော့ တိတိကျကျ
သတ်မှတ်ထားတာမျိုး မရှိပါဘူး။ နိုင်ငံရေး Sensitive ဖြစ်တာတွေဆို ဖြုတ်လိုက်တယ်။ မကြာခင်တော့ အားလုံး အဆင်ပြေ လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ကိုကို (စက်မှုတက္ကသိုလ်) က ပြောသည်။
သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်အား အလေးထားရန် ပြောဆိုခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး တချို့သည်လည်း ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် မကြာခဏ တွေ့ဆုံမှုများ ရှိလာသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လာရောက်လည်ပတ်ခဲ့သော မစ္စ ကလင်တန်၏ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း မီဒီယာကို အလေးထားကြောင်း ပြောဆိုခဲ့သည်။
အစိုးရအဖွဲ့၏ တချို့သော ပုဂ္ဂိုလ်များသည် မီဒီယာများနှင့် ထိတွေ့လိုမှု မရှိခြင်းအပေါ် သတင်းထောက် တဦး၏မေးခွန်းအား ဦးရွှေမန်းက “ဒါကတော့ လူပုဂ္ဂိုလ် တဦးချင်းစီနဲ့ ဆိုင်ပါတယ်။ သူတို့ရဲ့ အဖွဲ့အစည်း၊ စည်းမျဉ်း စည်းကမ်းတွေ အရလည်း ပါမှာပေါ့” ဟု ဖြေကြားခဲ့သည်။
မီဒီယာ အချင်းချင်း ထိန်းကျောင်းခြင်း ရှိသကဲ့သို့၊ ပြည်သူက ထိန်းကျောင်းခြင်းလည်း ရှိကြောင်း၊ အာဏာ သုံးရပ် ခွဲဝေ ကျင့်သုံးနေမှုကိုလည်း မီဒီယာများက သူ့နေရာနှင့်သူ ထိန်းကျောင်းပေးရန် လိုကြောင်း၊ မီဒီယာ၏ မှန်ကန်သည့် လုပ်ရပ်သည် နိုင်ငံ တိုးတက်ရေးအတွက် အရေးကြီးကြောင်း ဦးရွှေမန်းက သတင်းထောက်များအား ပြောခဲ့သည်။
၎င်းက “ဒီလိုမျိုး ထိန်းကျောင်း မပေးကြဘူး ဆိုရင် မှန်မှန်နဲ့ မြန်မြန် မမြင်နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်ဘက် ကတော့ မီဒီယာကို အလေးထားပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စုစုပေါင်း ၂၀၀ နီးပါး ရှိကြောင်း သိရသည်။