နိုင်ငံရေးကိစ္စနှင့် ဆက်နွှယ်၍ အနုပညာသမားများအား တစုတဝေးတည်း မြင်ရခြင်းမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယခုကာလသည် ပထမဆုံးဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက်နေ့က ဂီတလောကသား ၅၀ ကျော်တို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သွားရောက် တွေ့ဆုံ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသကဲ့သို့ ဒီဇင်ဘာ ၃ ရက်နေ့က ရုပ်ရှင်မင်းသား၊ မင်းသမီး၊ ဒါရိုက်တာနှင့် စက်အဖွဲ့သား စုစုပေါင်း ၁၀၀ ကျော်တို့ ၎င်းနေအိမ်တွင် သွားရောက်စုဝေးကာ ၂၀၁၅ ခုနှစ်တွင် ကျရောက် လာမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ဆွေးနွေးခဲ့ ကြသည်။
ရုပ်ရှင်လောကသားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် စုဝေးမှုနှင့် ပတ်သက်၍ လူရွှင်တော် ဇာဂနာက ၎င်း၏ လူမှုကွန်ရက် တခုဖြစ်သော facebook စာမျက်နှာ၌ “အကယ်ဒမီပွဲထက် လူများတယ်” ဟု ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အားလုံးချစ်သော ခေါင်းဆောင်တယောက် ဖြစ်သောကြောင့် ၎င်း၏ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ အနုပညာရှင်များစွာ သွားရောက်စုဝေးခဲ့ကြခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ဝိုင်းက ဧရာဝတီသို့ ပြောသည်။
“ဂီတသမားတွေကလည်း ချစ်တယ်၊ ကျနော်တို့ ရုပ်ရှင် သမားတွေကလည်း ချစ်သလို ပြည်သူလူထုကလည်း ချစ်တယ်လေ။ ဒါက ပြယုဂ်တခုပဲပေါ့။ ပြည်သူချစ်တဲ့ ခေါင်းဆောင်တယောက် ဆိုတာကတော့ ကျိန်းသေပါတယ်” ဟု သူက ဆိုသည်။
၎င်းအနေဖြင့် ယခုကဲ့သို့ တိုင်းပြည် ခေါင်းဆောင်တယောက်က တလေးတစားဖြင့် ဖိတ်ကြား တွေ့ဆုံသည်ကို တခါမျှ မကြုံဖူးခဲ့သည့် အတွက် ပီတိဖြစ်ရကြောင်း ဆက်ပြောသည်။
နိုဝင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဂီတလောက သားများထဲမှ တဦးအပါအဝင် ဖြစ်သော အဆိုတော် ခင်ဘုဏ်းကလည်း “အမေနဲ့တွေ့ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အမေရှိနေသေးတာ အရမ်း ကျေးဇူးတင်တယ်။ အဲဒီအတွက် အရမ်း ပျော်ပါတယ်။ ကျမတို့ စိတ်ထဲမှာတော့ အကုန်လုံးကို ကိုယ်စားပြုတဲ့ မိခင်တယောက်လို့ သတ်မှတ်တဲ့ အတွက် ဒီလိုမျိုး တလေးတစား သွားတွေ့ဆုံတာပါ” ဟု ဆိုသည်။
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ နေတိုးက ရုပ်ရှင်လောကသည် ယခုလက်ရှိ အချိန်တွင် အလွန် နိမ့်ပါး နေသော အနေအထား ဖြစ်နေသည့်အတွက် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံကာ ရရှိလာမည့် အတွေ့အကြုံများဖြင့်သာ တိုးတက် လာနိုင်မည့် အခွင့်အရေးကို မျှော်လင့်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို နိုင်ငံတကာမှ အကူအညီများယူပြီး ရိုက်ကူးမည့် အပေါ် ဝမ်းမြောက်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျေနပ် ဝမ်းသာမိပြီး အားတွေရှိလာပါတယ်။ မြန်မာ့ရုပ်ရှင် လောကက တော်တော်လေးကို နိမ့်ပါးနေတဲ့ အနေအထားမှာ ရှိနေတာလေ။ ကျနော်တို့က အကူအညီတွေ အများကြီးယူပြီး လုပ်ရမှာ၊ လေ့လာမှုပိုင်းကအစ အကုန်လုံး ပြင်ဆင်သွားရမှာ ဆိုတော့ ဒီအခွင့်အရေးက ကျနော်တို့ ရုပ်ရုပ်တလောက လုံးကို တော်တော်လေး အားတွေ ရှိလာစေပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ ဇာတ်ကား ရိုက်ကူးမှုအတွက် ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဒါရိုက်တာ မောင်မျိုးမင်း ဦးဆောင်သော နှင်းဆီအငြိမ့် အဖွဲ့သားများ ပြန်လည်စည်းရုံးကာ ဖျော်ဖြေပွဲ တရပ်ပြုလုပ်၍ ပံ့ပိုးသွားရန် ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ ဇာတ်ကား ရိုက်ကူးမည်ဆိုလျှင် လိုအပ်သည့်နေရာမှ သရုပ်ဆောင်ပေးရန် အဆင်သင့် ရှိနေကြောင်း နေတိုးက ပြောသည်။
လာမည့် ၂၀၁၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ နှင်းဆီအဖွဲ့သားများက ဖျော်ဖြေပွဲတရပ် ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းဖျော်ဖြေပွဲမှ ရရှိသည့် ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရန် ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင်လည်းလည်း ဂီတပညာရှင်များ၏ လှုပ်ရှားမှုတခု အနေဖြင့် အနုပညာရှင်အများစု ပါဝင်တီးခတ် သီဆိုထားကာ လူထု စိတ်ဓာတ်ခွန်အား ဖြစ်စေသည့် သီချင်းများ ပါဝင်သော တေးစီးရီး စီဒီ နှစ်ချပ်စာကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်စီစဉ်မှုဖြင့် လုပ်ဆောင်နေကြောင်း၊ တချိန်က ထင်ရှားခဲ့သော ဇာတိမာန် နိုးကြားစေသည့် တေးသီချင်းတချို့ ကိုလည်း ပြန်လည် ထည့်သွင်း သီဆိုသွားမည်ဖြစ်ကြောင်း သိရသည်။