ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို တနှစ်ခွဲခန့် ပိတ်ထားရာမှ ပြန်ဖွင့်လိုက်သော်လည်း မြန်မာ အာ ဏာ ပိုင်များက ထုတ်ကုန်သွင်းကုန်လိုင်စဉ်များ ထုတ်မပေးသေးသည့်အတွက် ယခင်က ကဲ့သို့ တရားမဝင်နည်းဖြင့် ကုန်သွယ် နေရဆဲဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
စားသောက်ကုန်နှင့် အထည်အလိပ်မျိုးစုံ မြန်မာနိုင်ငံသို့ တင်ပို့သည့် ထိုင်းလုပ်ငန်းရှင် နိုင်ဝစ်ချိုင်းက“တံတားပြန်ဖွင့်ပေမယ့် မြန်မာ ဘက်က ပို့ကုန်သွင်းကုန်လိုင်စဉ်အသစ်ပြန်လုပ်ရတဲ့အတွက် အနည်းဆုံး ၁၅ ရက်လောက်တော့ကြာမယ်၊ အရင် လိုင် စင် အဟောင်းက သက်တမ်းပြန်တိုးလို့ မရတော့ဘူး၊ မြန်မာဘက်က တံတားကို တနှစ်ခွဲလောက်ပိတ်လိုက်တော့ လုပ်ငန်းရှင်နဲ့ ကုန်သည်တွေအားလုံး လိုင်စဉ်အသစ်ပြန်ရဖို့ စောင့်နေကြရတယ်၊ လိုင်စဉ်ပြန်ရမှပဲ တရားဝင်ကုန်သွယ်ရမယ်၊ လောလော ဆယ်တော့ အရင်အတိုင်းပဲ တံတားအောက်ကနေ တရားမဝင်နည်းနဲ့ ကုန်သွယ်နေရတယ်”ဟု ပြောပြသည်။
ထိုင်းနှင့် မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေးကို သွင်းကုန်ထုတ်ကုန်လိုင်စဉ်အသစ် ပြန်ထုတ်ပေးသည့်ကိစ္စ ပြီးမှသာလျှင် ထိုင်းကုန်များ မြန်မာဘက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး အနည်းဆုံး ရက်သတ္တ နှစ်ပတ်ခန့် ကြာနိုင်သည်ဟု မဲဆောက်မြို့မှ ထိုင်း အကောက်ခွန် ဌာနမှူး နိုင်ဖုံထေ့ဘိုးဝါးစာ က ပြောသည်။
မြန်မာဘက်သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းမျိုးစုံ တင်ပို့သည့် ထိုင်းလုပ်ငန်းရှင် နိုင်ဟာဂျီဘိုင်ကလည်း“ကျနော်တို့ ကုမ္ပဏီက ပစ္စည်းတွေကို အဓိက ရန်ကုန်နဲ့နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုပို့တယ်၊ လုပ်ငန်း ရပ်နားထားရတာ တနှစ်ခွဲရှိတော့မယ်၊ အခု လိုင်စဉ်အသစ်ပြန်ရမှပဲ လုပ်ငန်းပြန်စနိုင်မှာဖြစ်တယ်၊ တံတား ပိတ်ထားတဲ့ ကာလမှာတော့ အောက် လမ်းကနေပဲ အနည်းအကျဉ်း ပစ္စည်းပို့ရတယ်၊ မြန်မာဘက်ကကုန်သည်တွေ မှာထားတဲ့ကုန်ပစ္စည်းအမှာတွေကတော့ အများကြီး ရှိတယ်”ဟု ပြောဆိုသည်။
ထိုင်းကုန်သည်ကြီးများ၏ အဆိုအရ မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှ တဆင့် ထိုင်းကုန်စည်များ မြန်မာ ဘက် တင်ပို့မှုမှာ လစဉ် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့်ရှိပြီး ချစ်ကြည်ရေး တံတား ပိတ်ထားသည့်ကာလတွင် မြန်မာဘက်သို့ တရားမဝင်နည်းဖြင့် ကုန်သွယ်မှုပြုရသဖြင့် တလလျှင် ထိုင်းဘတ်သန်း ၁၀၀၀ ခန့်သို့ ကျဆင်းသွားကြောင်း သိရသည်။
သို့သော် တံတားဖွင့်သည့် ဒီဇင်ဘာ ၅ ရက်မှစ၍ မြန်မာဘက်မှဈေးသည်ဈေးဝယ်များနှင့် တနိုင်တပိုင်ကုန်သည်များလာရောက် ကြသဖြင့် အရောင်းအဝယ်ကောင်းကာ ယခင်ကထက် သိသိသာသာ ရောင်းအားတက်လာသည်ဟု မဲဆောက်ဈေးတွင် ငွေလဲ လုပ်ငန်း နှင့် အဝတ်အထည်မျိုးစုံ လက္ကား ရောင်းချသည့် ဆိုင်ပိုင်ရှင်မနီက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးသည် အဓိကကျသည့် နယ်စပ် ကုန်သွယ်ရေးတခုဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ဖြစ်သည်။
ယင်း နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကရင်ပြည်နယ်မြဝတီမြို့မှ၂ မိုင်အကွာတွင်၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ထားပြီး မြ ဝတီမှ ရန်ကုန်သို့ ၂၆၅ မိုင်ရှိသည့်ခရီးကို ကားဖြင့် ၁၃ နာရီခန့်သာသွားရသောကြောင့် ကုန်သွယ်ရာတွင် လွယ်ကူသည့်လမ်းကြောဖြစ်ကြောင်း ကုန်သည်များ ကပြောသည်။
ထိုင်းနိုင်ငံသည် မဲဆောက်မှတဆင့် မြန်မာနိုင်ငံသို့ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်မှုကုန်ကြမ်း ပစ္စည်း၊ လူသုံးကုန်နှင့်စားသုံးကုန် ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ကော်စေ့နှင့်ဘိလပ်မြေများ တင်ပို့လျက်ရှိပြီး မြန်မာက ထိုင်းဘက် သို့ ရေထွက်ပစ္စည်း၊ စက်မှုကုန်ချော ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိသည်။
မြန်မာကုန်သည်များလည်း ထိုင်းကုန်သည်များနည်းတူ သွင်းကုန်ထုတ်ကုန်လိုင်စဉ်အသစ် ပြန် လျှောက်ရသဖြင့် ချစ်ကြည်ရေး တံတားမှတဆင့် မြန်မာကုန်စည်များကို တရားဝင်ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ချစ်ကြည်ရေးတံတား ဘေး ဝဲယာရှိ လှေဆိပ်များမှတဆင့် တရားမဝင်နည်းဖြင့် ကုန်သွယ်နေကြရသည်ဟု ရေထွက်ကုန်ပစ္စည်း ထိုင်းဘက်တင်ပို့သည့် မြန်မာကုန်သည် တဦးက ပြောပြသည်။
၎င်းက“မြဝတီတံတားနဲ့ ကုန်သွယ်ရေးဇုံပြန်ဖွင့်တာ ၄ ရက်တော့ရှိပြီ၊ လိုင်စင်အသစ်ပြန် လုပ်ရတော့ လဝက် လောက်တော့ အနည်းလေးကြာဦးမယ်၊ ကျနော်တို့ကတော့ လိုင်စင် မကျသေးခင်မှာ အရင်လိုပဲ တရားမဝင်နည်းနဲ့ ထိုင်းဘက် ဆက်ပို့နေရ တယ်၊ လွန်ခဲ့တဲ့၂လ လောက်ကစပြီး ထိုင်းဘက် ကနေ ငါး၊ ပုစွန်၊ ကဏန်း၊ ဘီလား၊ ငါးရှဥ့် အဝယ်ပို လိုက်တဲ့အတွက်၊ လုပ်ငန်းကို ရပ်ထားလို့မရဘူး”ဟု ဆက်ပြောသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်သြဂုတ် ၁၅ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး တန် ၄၀ အထက် ထိုင်းကုန်တင် ကားများ မြန်မာဘက်သို့ နေ့စဉ်ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်နိုင်ခဲ့သော်လည်း သောင်ရင်းမြစ် ရေစီးအားကြောင့် ၂၀၀၆ ခုနှစ် ဇူလိုင်လ၂၅ ရက်နေ့တွင် ထိုင်းဘက် ပိုင်တိုင် အမှတ် ၈ နှင့် မြန်မာဘက် ပိုင်တိုင် အမှတ် ၆ တို့ ၉ လက်မခန့် တိမ်းစောင်း ပြီး မြောက်ဘက်သို့ ၂ လက်မခန့် နိမ့်ကျခဲ့သည့်အတွက် တံတားကြံံ့ခိုင်မှု အားနည်းသွား၍ လက်ရှိတွင် ၁၂ တန် အောက် ကုန် တင် ကားများသာ ဖြတ်ကျော်နိုင်သည့် တံတားဖြစ်သည်။
တံတားကြံ့ခိုင်မှုမရှိတော့သဖြင့် လက်ရှိတံတား၏မြောက်ဘက် ထိုင်းဘက်ခြမ်း ဝမ်တခင်း ရန်းအရပ်နှင့် မြန်မာနိုင်ငံမြဝတီမြို့နယ် ရေပူအရပ်တွင် ဒုတိယမြောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားတစင်းကို မကြာမီထိုင်းဘက်မှ ထပ်မံဆောက် လုပ်နိုင်ရန်အတွက် မြန်မာနှင့်ထိုင်းနှစ်ဘက် အစိုးရများ ပဏာမ သဘောတူညီထားပြီးဖြစ်သည်ဟု သိရသည်။
ချစ်ကြည်ရေး တံတားပိတ်ထားသည့် ကာလအတွင်း နှစ်ဘက်ကုန်သည်များသည် တရားမဝင်နည်းလမ်းများဖြင့်သာ ကုန်သွယ် နေကြရပြီး ထိုင်းနိုင်ငံဘက်မှ တလ လျှင် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့် ထိခိုက်မှုရှိကြောင်း ထိုင်းကုန်သည်များက ပြော သည်။