ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ပေးအပ်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး သတင်းမီဒီယာဆုကို ရန်ကုန်အခြေစိုက် Weekly Eleven သတင်းဂျာနယ်က ရရှိသွားသည်။
ယမန်နေ့က ပဲရစ်မြို့တွင် ပြုလုပ်သည့် ဆုပေးပွဲအခမ်းအနားသို့ Weekly Eleven မှ စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့ကြသည်။
အစိုးရနှင့် အတိုက်အခံများ တွေ့ဆုံ ဆွေးနွေးရန်၊ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းရန် ရေးသားခဲ့ခြင်း၊ နိုင်ငံအတွင်း လွတ်လပ်ခွင့် ပိုမိုပေးရန် အစိုးရအား တိုက်တွန်းခဲ့ခြင်း တို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆုပေးအပ်ခြင်းဖြစ်သည်ဟု ယူဆကြောင်း Eleven မီဒီယာအဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်က ရှင်းပြသည်။
ဆုချီးမြှင့်ခံရခြင်းကြောင့် လူငယ်သတင်းသမားများ အားတက်စရာ ဖြစ်သကဲ့သို့ တိုင်းပြည်တွက်လည်း အကျိုးရှိကြောင်း၊ သို့သော်လည်း ယခင်ထက် ပွင့်လင်းလာသည့် ပြည်တွင်းမီဒီယာ အနေအထားကို အားမရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံတကာရဲ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ယှဉ်ရင် ၂၀၊ ၂၅% ပဲ ရှိပါသေးတယ်၊ မြန်မာနိုင်ငံရဲ့မီဒီယာ လွတ်လပ်ခွင့်ဟာ တရုတ် တို့၊ ဗီယက်နမ် တို့တောင် မမှီသေးပါဘူး” ဟု ဒေါက်တာ သန်းထွဋ်အောင်က ဧရာဝတီကို ပြောသည်။
RSF သည် ၁၉၉၂ မှ စတင်ပြီး သတင်းလွတ်လပ်ခွင့် ရရှိရေး ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့များအား ထိုဆု ပေးအပ်ခဲ့သည်။
မြန်မာပြည်မှ စာနယ်ဇင်းများအနက် Weekly Eleven က RSF ၏ ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်း ဖြစ်သော်လည်း ယခင်က မြန်မာစာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်တချို့ RSF က ပေးအပ်သည့် သတင်းသမားဆုများ ရရှိခဲ့ဖူးသည်။
၁၉၉၉ တွင် စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ၂၀၀၆ တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၂၀၀၈ ခုနှစ်တွင် လူရွှင်တော် ဇာဂနာနှင့် ဘလော်ဂါ နေဘုန်းလတ်တို့ ရရှိခဲ့ကြသည်။ ၎င်းတို့ အကျဉ်းကျနေစဉ် ဆုရရှိခဲ့ကြခြင်း ဖြစ်သည်။
သတင်းလွတ်လပ်ခွင့် မရှိသည့် နိုင်ငံများ စာရင်းတွင် နှစ်စဉ်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့် အတန်အသင့် ရရှိလာသည်။
နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာပြည်သည် သတင်းထောက်ဖမ်းဆီးထားမှု အများဆုံးနိုင်ငံများ စာရင်းတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။
တကမ္ဘာလုံးတွင် အဖမ်းခံထားရဆဲ သတင်းထောက်အရေအတွက် ၁၇၉ ဦးရှိပြီး၊ အီရန်တွင် ၄၂ ဦး၊ အီရီထရီးယားတွင် ၂၈ ဦး၊ တရုတ်နိုင်ငံတွင် ၂၇ ဦး၊ မြန်မာနိုင်ငံတွင် ၁၂ ဦး ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။
သတင်းသမားတို့အား နှိပ်ကွပ်လေ့ရှိသည့် နိုင်ငံများတွင် ဗီယက်နမ်၊ တူရကီ၊ ဆီးရီးယား စသည့် နိုင်ငံတို့လည်း ပါဝင်သည်။