ချင်းတွင်းမြစ်တွင် အိန္ဒိယနှင့် မြန်မာ ပူးပေါင်း ဆောက်လုပ်နေသည့် ထမံသီ ရေကာတာ၊ ရေအားလျှပ်စစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ရန် အိန္ဒိယရောက်မြန်မာပြည်သားများက နယူးဒေလီမြို့တွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြသည်။
ချင်းတွင်းမြစ် သဘာ၀၀န်းကျင် ပျက်စီးမှု၊ ဒေသခံတို့ ရွှေ့ပြောင်းခံရမှုများ ဖြစ်ပေါ်ရသည့် ထိုစီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဒေသခံများ သုံးစွဲရမည်မဟုတ်ဟု ဆန္ဒပြသူများက ဆိုသည်။
“စီမံကိန်းနေရာဟာလည်း ငလျင်ကြောမှာ ရှိနေတဲ့ အတွက် အကယ်လို့ ရေလွှမ်းမိုးမှုတွေ ဖြစ်မယ် ဆိုရင် အောက်ပိုင်းက ပြည်သူလူထုပေါင်း လေးသောင်းကျော် ဒုက္ခရောက်မှာ ဖြစ်လို့ ဆက်မလုပ်ဖို့ တောင်းဆိုလိုပါတယ်” ဟု ကူကီး အမျိုးသမီးများ ဆိုင် ရာ လူ့အခွင့်ရေး အစည်းအရုံး (KWHRO) အထွေထွေ အတွင်းရေးမှူး မငါန်ငိုင်းက ပြောသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြည်သူများ၏ တောင်းဆိုမှုကြောင့် ရပ်ဆိုင်းသကဲ့သို့ ချင်းတွင်းမြစ်ရှိ ထမံသီစီမံကိန်း၏ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားပေးရန် သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုလိုကြောင်း ဆန္ဒပြသူများက ပြောသည်။
KWHRO နှင့် မြန်မာမြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့တို့ ယနေ့ ထုတ်ပြန်သည့် ထမံသီ သုတေသန စာစောင်တွင် စီမံကိန်းကြောင့် ဒေသခံတို့၏ စားဝတ်နေရေး ကျပ်တည်းမှု၊ ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဖော်ပြထားသည်။
၂၀၀၇ ခုနှစ်က စီမံကိန်းမြေနေရာ ရှင်းလင်းရာတွင် လယ်ယာမြေများ ဆုံးရှုံးရသည့် လယ်ဗွန်ဂျန်၊ တဇုန်းရွာသားတို့သည် တအိမ်ထောင်လျှင် လျော်ကြေးငွေ ကျပ် ငါးထောင်သာ ရရှိခဲ့သည်ဟု ထောက်ပြထားသည်။
လူဦးရေ ၃၀၀၀ နီးပါး လယ်ယာမြေမဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“အဓမ္မ ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေကို နေရာပြန်ပေးဖို့၊ သင့်တော်တဲ့ လျော်ကြေး ပြန်ပေးဖို့ လိုပါတယ်။ ဒီစီမံကိန်းကြောင့် ရမယ့် အကျိုးအမြတ်ကို ဒေသခံတွေက ခံစားခွင့် မရှိတဲ့အတွက် ချက်ခြင်း ရပ်ပေးပါလို့ ပြောချင်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေရဲ့ ဆန့်ကျင် တုန့်ပြန်မှုတွေက ပိုကြီးလာလိမ့်မယ်” ဟု KWHRO အထွေထွေ အတွင်းရေးမှူးက ပြောသည်။
၂၀၀၄ ခုနှစ်တွင် အိန္ဒိယ နှင့် မြန်မာအစိုးရတို့ လက်မှတ်ထိုးခဲ့သည့် ထမံသီစီမံကိန်းကို အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာအရ စီမံကိန်းအပြီး ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားထဲမှ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယသို့ တင်ပို့မည်ဖြစ်သည်။
ရှားပါးသစ်ပင်၊ သတ္တဝါမျိုးစိတ်များ ကွယ်ပျောက်ခြင်း၊ ချင်းတွင်းမြစ်တလျှောက် ရေလွှမ်းခြင်း အပါအဝင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ အကြောင်းကို ရန်ကုန်မြို့ အခြေစိုက် အဖွဲ့အစည်း တခုဖြစ်သည့် Biodiversity and Nature Conservation Association က ၂၀၀၆ ခုနှစ်တွင် စာတမ်းများ ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ စာချုပ်သစ်များ ထပ်မံ ချုပ်ဆို၍ စီမံကိန်းမြေနေရာ ရှင်းလင်းခြင်း၊ စီမံကိန်းဝန်ထမ်း အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့ ဆက်တိုက် ပေါ်ပေါက်လာသည်ဟု လုပ်ဆောင်နေခဲ့သည်ဟု KWHRO က ဆိုသည်။
အောက်တိုဘာလအတွင်းက ဦးသိန်းစိန် အိန္ဒိယသို့ သွားရောက်စဉ် ထမံသီစီမံကိန်းအတွက် တွက်ချက် လေ့လာ လုပ်ဆောင်နေမှုများကို အားရ ကျေနပ်မှုရှိကြောင်း၊ ၆ လအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံအစိုးရက သဘောတူညီမှု ရခဲ့ကြသည်။