မကြာသေးမီ လများအတွင်း ရန်ကုန်ဆိပ်ကမ်းမှတဆင့် ကားခိုးသွင်းမှုများတွင် ဆက်နွယ်နေသည်ဟု ယူဆရသည့် အကောက်ခွန် ဦးစီးဌာန အရာရှိ၊ဝန်ထမ်း ၆၀ ကျော်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အရေးယူ၊ စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။
ကျပ်သိန်းပေါင်း ရာထောင်ချီ လာဘ်ပေးလာဘ်ယူ လုပ်ပြီး ကားခိုးသွင်းမှုများကို လုံခြုံရေးအရာရှိများက စုံစမ်းစစ်ဆေးရာ ထိုအမှုများတွင် ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၏ အောက်ခြေ အကောက်ခွန် ဝန်ထမ်းများမှ ညွှန်ကြားရေးမှူးများအထိ ပါဝင်သည်ဟု ဆိုသည်။
“အခုအချိန်အထိတော့ ဘာအရေးယူမှုမှ မရှိသေးဘူး။ အားလုံး အခြေအပျက် ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ရှိနေပါတယ်” ဟု အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် နီးစပ်သူ အရာရှိတဦးက ပြောသည်။
တရားမဝင် ကားတင်သွင်းမှုနှင့် ဆက်စပ်နေသူ အရာရှိများထဲတွင် ညွှန်ချုပ် ဦးထွန်းသိန်း၊ ညွှန်မှူး ဦးသိန်းဆွေ၊ ဦးထင်ပေါ်၊ တိမ်းရှောင်နေသည့် လက်ထောက်ညွှန်မှူး ဦးအောင်ရဲထွဋ်တို့ ပါဝင်သည်ဟု သိရသည်။
“ဘဏ္ဍာ/အခွန်ဝန်ကြီးက ဘာကြောင့် အရေးမယူလဲ ဆိုရင် သူလည်း ပတ်သက်မှု တစုံတရာရှိလို့ အရေးမယူရဲတာလို့ ထင်တယ်။ ဒီလာဘ်ပေးလာဘ်ယူမှုက ၂၀၀၆ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ လာဘ်ပေး လာဘ်ယူမှုတွေလိုပဲ အုပ်စုလိုက် ပါဝင် ပတ်သက်နေတယ်” ဟု အကောက်ခွန်အရာရှိဟောင်း တဦးက သုံးသပ်သည်။
ထိုအရာရှိသည် ၂၀၀၆ ခုနှစ်တွင် လာဘ်ပေး လာဘ်ယူမှုဖြင့် အကျဉ်းချခံခဲ့ရသူ ဖြစ်သည်။
ယခုနှစ်လယ်ပိုင်းက ရန်ကုန်ဆိပ်ကမ်းများသို့ ပြည်ပမှ ရောက်လာသည့် ကွန်တိန်နာများတွင်း မော်တော်ယာဉ်တချို့ကို စစ်ဆေး တွေ့ရှိခဲ့သည်။
ထိုစဉ်က ACE အမည်ရှိ ဝန်ဆောင်မှု အေဂျင်စီ နှင့် အကောက်ခွန် အေးဂျင့် တချို့ကို တရားမဝင် ကားတင်သွင်းမှုတွင် ပါဝင်မှုဖြင့် လုပ်ငန်းလိုင်စင် ရာသက်ပန် ရုပ်သိမ်းခဲ့သည်။
အေးဂျင့်တချို့က ထိုအမှုများတွင် ပါဝင်သည်ဟုဆိုသော အကောက်ခွန် ဝန်ထမ်း၊ အရာရှိတို့နှင့် ပတ်သက်ပြီး နေပြည်တော်သို့ စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။
ဆက်စပ်သတင်း – ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး