ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်ရပ်ကွက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ရဲတပ်ကြပ်ကြီး တဦးက လူငယ်တဦးကို နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်၍ဓားဖြင့်ခုတ်သည့်အတွက် ဒဏ်ရာပြင်းထန်စွာရခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ဒေသခံများ အကြား မကျေနပ်မှုများ ရှိနေကြောင်း မျက်မြင်တဦးက ပြောသည်။
ယခုကဲ့သို့ ရဲဝန်ထမ်းတဦးအနေဖြင့် သာမန်အရပ်သားတဦးအား ဥပဒေမဲ့ ဓားဖြင့်ခုတ်သည့် အမှုကို သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် အရေးယူအပြစ်ပေးရန် အတွက် ရပ်ကွက်နေပြည်သူအများက လိုလားနေကြောင်းလည်း သိရသည်။
“လှည်းကူးအပိုင် ရဲစခန်းက ရဲတပ်ကြပ်ကြီး ချစ်လွင်က မောင်မင်းဇော်ကို သူ့အိမ်ခြံဝင်းထဲဝင်ပြီး ဓားနဲ့ဝင်ခုတ်တာ”ဟု မျက်မြင် သက်သေ ဒေသခံက ပြောဆိုသည်။
အဆိုပါ နယ်ထိန်း ရဲတပ်ကြပ်ကြီးက ဒဏ်ရာရရှိသွားသော အသက်၂၇ နှစ် အရွယ် မောင်မင်းဇော်ကို ဆေးရုံတင်၍ ဆေးဝါးကုန်ကျစရိတ်ခံ ကုသစေခဲ့ပြီး သရက်ပင်ပေါ်မှ လိမ့်ကျသည့်ဒဏ်ရာများကြောင့်ဟု ကာယကံရှင်နှင့် ဆွေမျိုးများကို လိမ် လည် ထွက်ဆိုခိုင်းထားသည်ဟု ဒေသခံ မျက်မြင်က ဆက်ပြောသည်။
သို့သော် လှည်းကူးမြို့နယ် ရဲစခန်းမှူး ဦးမောင်မောင်ဦးက လွန်ခဲ့သည့်သောကြာနေ့က အခင်းဖြစ်ခဲ့သည်မှာ နယ်ထိန်းမှ ပစ္စည်း ပျောက်မသင်္ကာ၍ သွားရောက်မေးမြန်းစဉ် အချင်းများခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“အဲဒီကိစ္စက နယ်ထိန်းဘက်က ခြေထောက်ကို တချက်နှစ်ချက် ရိုက်လိုက်တာပါ။ နည်းနည်းတော့ လက်လွန်သွားပါတယ်” ဟု စခန်းမှူး ဦးမောင်မောင်ဦးက ဧရာဝတီ ကိုပြောသည်။
မောင်မင်းဇော်သည် ယခင်ကလည်း ရပ်ကွက်တွင်း ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ နာမည်ပျက်စာရင်း အသွင်းခံသူ တဦး ဖြစ်ကြောင်း၊ သို့သော် နယ်ထိန်း ရဲတပ်ကြပ်ကြီးဘက်က ကာယကံရှင်အား ယခုအခါ ဆေးကုသပေးနေပြီး ရပ်မိရပ်ဘ အချင်းချင်းဖြစ်သောကြောင့် ဆွေမျိုးများကိုလည်းတောင်းပန်၍ ကြေအေးပြီ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မျက်မြင်ဒေသခံ ကမူ“ကာယကံရှင်နဲ့ သူ့ဆွေမျိုးတွေက ရဲပြောတဲ့အတိုင်း လိမ်ပြောထားတယ်။ တကယ်လို့ တရားစွဲ မယ် ဆိုရင် အခုဆေးကုပေးနေတာ မလုပ်ပေးတော့ဘူးလို့လည်း ခြိမ်းခြောက်ထားတယ်။ အခုက ရပ်ထဲရွာထဲမှာ ဘယ်လိုမှ ကြည့် လို့ မကောင်း ကြားလို့ မကောင်းဘူး”ဟု ပြောဆိုသည်။
ဓားဖြင့် အခုတ်ခံရသည့် မောင်မင်းဇော်အား ရပ်ရွာထဲတွင် ကြက်၊ ဘဲ စသည့် ပစ္စည်းပျောက်သည့် အခါတိုင်း စွပ်စွဲကာ မကြာခဏ ရဲစခန်းက ခေါ်ယူနှိပ်စက်ညဉ်းပန်းကြောင်းလည်း အဆိုပါ ဒေသခံက ပြောသည်။
မောင်မင်းဇော်သည် ယနေ့အထိ ဆေးကုသခံယူနေဆဲဖြစ်ပြီး ဒဏ်ရာ သက်သာမှု မရှိသေးကြောင်း သိရသည်။