ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသများရှိ စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာ အကူအညီများ မပေးနိုင်ရန် အစိုးရက ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး အဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

စစ်ပြေး ဒုက္ခသည်များကို KIA အဖွဲ့၊ ခရစ်ယာန် ဘာသာရေးအဖွဲ့၊ ပြည်တွင်း အခြေစိုက် လူမှုရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့ အစည်း တချို့က ကူညီ ထောက်ပံ့ပေးနေသော်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ အကူအညီများ မရရှိသေးကြောင်း သိရသည်။
ပြည်တွင်းရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှင့်NGO များအနေနှင့် KIA ထိန်းချုပ်ဒေသသို့ လာရောက် မကူညီနိုင်သည့် အကြောင်းအရင်းမှာ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် အစိုးရ အာဏာပိုင်များက ခွင့်မပြုခြင်းတို့ကြောင့် ဖြစ်သည်ဟု ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုလာရစ်က ဧရာဝတီသို့ ပြောသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာ ဒေသ တဝိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာ ယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံရောက်ရှိလာကြောင်း ၎င်းက ဆိုသည်။
“အဲဒီ တဝိုက်က ရွာပေါင်း ၃၀ နီးပါးက လူတွေ အခု နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတယ်၊ လူဦးရေ စာရင်းအတိအကျ တော့ မသိသေးဘူး၊ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေ ခန့်မှန်းခြေ ၇၀၀၀ လောက်ရှိတယ်လို့ ပြောတယ်”ဟု ကိုလာရစ်က ဆက် ပြောသည်။
ယင်းဒေသများသည် အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားနေသော ဒေသများလည်း ဖြစ်သည်။ စစ်ပြေး ဒုက္ခသည်များ ကို တရုတ်နိုင်ငံ အတွင်းသို့ ယူနန်ပြည်နယ် အာဏာပိုင်များက ဝင်ခွင့်ပြုထားကြောင်း သိရသည်။
WFP အဖွဲ့မှ အာရှရေးရာ ပြောရေးဆိုခွင့်ရှိသူ Marcus Prior က အစိုးရ ထိန်းချုပ်ဒေသများတွင် ရှိသော ကချင်စစ်ပြေး ဒုက္ခသည် စခန်းများသို့ သွားရောက်၍ လူ ၁၀၀၀၀ ခန့်ကို အစားအသောက်များ ကူညီပေးနေကြောင်း ဧရာဝတီသို့ ပြောသည်။
အစိုးရက ခွင့်ပြုခဲ့ပါက ဒုက္ခသည်များကို အကူအညီများ တိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
“တောထဲမှာ မိုးရာသီတုန်းက မျှစ်တွေ ရနိုင်သေး တော့ မျှစ်နဲ့ဆန်ကို ရောချက်စားရတယ်၊ ဟင်းချက်စားရတယ်၊ အခုတော့ မျှစ် ရာသီလည်းကုန်ပြီဆိုတော့ တောငှက်ပျောက အူအနုကိုတောင် ချက်စားနေရတယ်၊ စခန်းတွေမှာ အမိုးအကာ မရှိဘူး၊ အဝတ် အထည်လည်း လိုနေပါတယ်”ဟု မကြာခင်က တောတွင်း ကချင်ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့သူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ Weekly Eleven ဂျာနယ်၏ သတင်း တပုဒ်တွင် ဖော်ပြထားသည်။
လတ်တလောကာလ အတွင်း KIA တပ်ဖွဲ့ နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA တပ်ရင်း ၃ ဌာနချုပ် ဝထောင်ဒေသနှင့် မိုးမောက်မြို့နယ် တပ်မဟာ ၃ ဒေသတို့တွင် အစိုးရတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ဦးလနန်၏ အဆိုအရ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အနီး တဝိုက်တွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၈ နာရီခန့်တွင် တိုက်ပွဲများ ဖြစ်ပွားသေးသည်ဟု သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ စကားပြောခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရကြသေးပေ။
KIO အဖွဲ့ ကိုယ်စားလှယ်များက အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ် ရောက်ရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကချင်ဘက်မှာ သူတို့ကတော့ ထိခိုက်နစ်နာမှု အများကြီးရှိသွားတဲ့ အခါမှာ ညှိနှိုင်း ဆွေးနွေး ဖြေရှင်းတဲ့ ပုံစံကို မလိုလားတဲ့ပုံပဲ၊ တပ်ပိုင်းဆိုင်ရာဘက်က၊ သူတို့ကတော့ ဖြစ်တဲ့နည်းနဲ့ KIA အဖွဲ့ကို အပြုတ်တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပုံရတယ်”ဟု ဦးလနန် က ဆက်ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းအရ အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ တပ်ရင်း ၈ ရင်းခန့် လားရှိုး မြို့နယ်မှ KIA ထိန်းချုပ်ဒေသသို့ ဦးတည်လာနေကြောင်း ၎င်းက ဆိုသည်။
KIO ၏ စစ်တပ် KIA သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ် တွင် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါ သဘောတူစာချုပ် ပျက်ပြယ်သွားခဲ့သည်။