မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း အနှစ်၂၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကိုဒီဇင်ဘာ ၁၀ ရက်နေ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိ စာသင် တိုက် ရွှေညဝါ ပညာ့ဗိမာန်တွင် ကျင်းပမည်ဖြစ်သည်။

“မနက်ဖြန် ဂုဏ်ပြုပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း မနက် ၈ နာရီခွဲ လာမယ်၊ ပြီးရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တက်ရောက်လာသူတွေက ၁ မိနစ် ငြိမ်သက် ဆုတောင်းမယ်”ဟု အခမ်းအနား ဦးဆောင်ကျင်း ပ သူ တဦးဖြစ်သည့် 10-D နိုဗဲလ် ကျောင်းသား ကိုဆန်နီ က ဧရာဝတီ ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က နေအိမ်တွင် ချော်လဲ၍ ခြေထောက်ဒဏ်ရာ ရခဲ့သော်လည်း အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သူက ဆိုသည်။
အခမ်းအနားကို နံနက် ၈ း ၃၀ နာရီ မှ ၁၁ း ၀၀ နာရီ အထိ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေညဝါ ဆရာတော် တို့က စကားပြောကြားရန်နှင့် ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပိဋကတ် စာကြည့်တိုက်ဖွင့်ပွဲကိုလည်း ပူးတွဲကျင်းပမည်ဟု သူကဆို သည်။
ထို့နောက် ဒုတိယပိုင်း အနေဖြင့် နေ့လယ်ပိုင်းတွင် 10-D ကျောင်းသားများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း၊ စာတမ်းဖတ်ခြင်း၊ အောက်မေ့ဖွယ် ပြောဆိုခြင်း၊ သဝဏ်လွှာ ပေးပို့ခြင်း၊ စာအုပ်များ လှူဒါန်းခြင်း စသည့် အစီအစဉ်များလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆု ချီးမြှင့်ခဲ့ခြင်းသည် အလွန်ဂုဏ်ယူဖွယ်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ပြည့်မြောက်သည့် နေ့ဖြစ်သည်က တကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့လည်း ဖြစ်သောကြောင့် လည်းကောင်း ယခု အခမ်းအနားကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုဆန်နီက ပြောသည်။
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ အချင်းချင်း အပြန်အလှန် အကူအညီပေးနိုင်ရေး၊ လက်ရှိနိုင်ငံရေး အခြေ အနေများကို သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ ထာဝစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တတ်အား သရွေ့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အတွက်လည်းဖြစ်ကြောင်း ကိုဆန်နီက ဆက်လက်ရှင်းပြသည်။
“လူသစ် လူဟောင်းများ ဆုံတွေ့ခွင့်ရတဲ့အခါမှာ တိုင်းပြည်တိုးတက်ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပိုပြီး ပါဝင်လုပ်ဆောင်နိုင်ဖို့ တိုင်ပင်ပြောဆိုကြမယ်”ဟု ကိုဆန်နီက ပြောသည်။
အဆိုပါ အခမ်းအနားကို 10-D ကျောင်းသားများက ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး သံတမန်များ၊ နိုင်ငံ ရေးအကျဉ်းသား မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထား သည်ဟုလည်း ဆိုသည်။
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ် ဆု ကြေညာခဲ့စဉ် 10- D ကျောင်းသားများက ထောက်ခံ ဆန္ဒပြခဲ့သည်။
ထောက်ခံဆန္ဒပြရာတွင် အိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ ဖမ်းဆီး ကျောင်းသားများလွွှတ် ပေးရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည်တို့အတွက် 10-D ကျောင်းသားများက ရန်ကုန် တက္ကသိုလ် နယ်မြေတွင် တောင်းဆိုခဲ့ကြသည်။
ထိုဆန္ဒပြမှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ကျောင်းသား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
ကိုကိုကြီးနှင့် ကိုအံ့ဘွယ်ကျော်တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးနှုန်း ကျဆင်းရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ထပ်မံ ချမှတ်ခံထားရသည်။
10-D ကျောင်းသားအများစုသည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။