ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသရှိ ပင်လယ်စာ ထုတ်လုပ်နေသော စက်ရုံ တရုံ၌ ရောင်းစားခံထားရသည့် မြန်မာ
အမျိုးသမီး ၄ ဦးကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များ အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ပြောသည်။
ကယ်တင်ထားသော အမျိုးသမီးများသည် အသက်၂၀ ကျော် အရွယ်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် လတ်တလော ဘန်ကောက် မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယာယီထိန်းသိမ်းထားသည်ဟု မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင် ရေးအဖွဲ့(LPN) မှ ဒါရိုက်တာ ဆွန်ဖွန် စခဝီက ဧရာဝတီသို့ ပြောသည်။
ယခင်လ အတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီမြို့နယ်တွင် ယင်း အမျိုးသမီးများ အပါအဝင် ၃၉ ဦးခန့်သည် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြီးနောက် အချုပ်ကားဖြင့် နယ်စပ်သို့ ပြန်ပို့ရန်အသွား လမ်းခုလပ်တွင် လူပွဲစားများထံ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ပွဲစားတွေနဲ့ အချိတ်အဆက်လုပ်ပြီး ထောင်ကား မောင်းတဲ့ ရဲတယောက်က အဲဒီ ၃၉ ယောက်ကို နယ်စပ်ကို မပို့ဘဲနဲ့ လမ်းမှာ ဖြတ်ပြီးတော့ လက်ပြောင်း လက်လွှဲလုပ်လိုက်တယ်”ဟု ဘန်ကောက်မြို့တွင် အလုပ်သမားအရေး ဆောင်ရွက်နေသော ကိုဖိုးခွား က ရှင်းပြသည်။
ထို ၃၉ ဦးထဲမှ အမျိုးသားများသည် ငါးဖမ်း လုပ်ငန်းများ၌ ရောင်းစားခံရပြီး အမျိုးသမီးတချို့မှာ ပင်လယ်စာ ထုတ်လုပ်နေ သော စက်ရုံသို့ ရောင်းစားခံရကြောင်း၊ တဦးလျှင် ဘတ်ငွေ ၁၁၀၀၀ ခန့်ဖြင့် ရောင်းစားခြင်းဖြစ်ကြောင်း၊ ရောင်းစားခံ အမျိုးသမီး များက အကူအညီ တောင်းခဲ့သောကြောင့် မဟာချိုင်ဒေသရှိ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ သွားရောက်ကယ်တင်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအာဏာပိုင်များ၏ အဆိုအရ ထောင်ကားမောင်းသည့် ရဲဝန်ထမ်းနှင့် နယ်စပ်ရှိ ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမားများ ကို လက်ခံမည့် လူဝင်မှုကြီးကြပ် ရေးဌာန(လဝက) အာဏာပိုင်များအကြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရသည်။
ပြီးခဲ့သော ဇွန်လအတွင်းက ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တဖွဲ့ကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်ခဲ့သည်။
လွန်ခဲ့သည့် မတ်လ၂၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK နာနတ်သီး စက်ရုံမှ မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသည့် ၂၁၆ ဦးထဲမှ ၉ ဦးအား ပွဲစား တဦးက ချွန်ဘူရီလှေဆိပ်၌ ရောင်းစားမှုဖြစ်ခဲ့သည်။
ထိုသို့ ရောင်းစားခံရသော မြန်မာနိုင်ငံသား ၉ ဦးသည် ကရင်ပြည်နယ် မြဝတီမြို့မြေနီကုန်း ရပ်ကွက်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်း ဝါရှင် တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။
ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများကို အကူအညီပေးနေသော World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန် ကူးမှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ကြောင်း ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။
ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံ တဝန်းတွင် မြန်မာပြည်သား အလုပ်သမား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။