မြန်မာပြည်၏ အပြောင်းအလဲများကို တွေ့မြင်လာရသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများ ပိုမို လာရောက်နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသော်လည်း မြန်မာ့ခရီးသွားလုပ်ငန်းတွင် လိုအပ်ချက် များစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အစိုးရသစ်အနေဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်လာပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီကလင်တန် ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ မြန်မာပြည်သို့ ပိုမိုလာရောက်နိုင်ကြောင်း နိုင်ငံတကာခရီးသွား အေဂျင်စီ များနှင့် ပြည်တွင်း ခရီးသွား ကုမ္ပဏီများက ခန့်မှန်း ပြောဆိုနေကြသည်။
ထို့အပြင် အာရှတိုက်ရှိ ကမ္ဘာလှည့် ခရီးသွားများ စိတ်အဝင်စားဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည့်အပြင် ယခုနှစ် ခရီးသွားရာသီ၌ နိုင်ငံခြားဧည့်သည် ၅ သိန်းအထိ လာရောက်မည်ဟု ခရီးသွား လုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း ပေါ်ပြူလာ သတင်းဂျာနယ်တွင် ရေးသားထားသည်။
၂၀၁၀ – ၂၀၁၁ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဦးရေမှာ ၃ သိန်းခန့်ရှိပြီး အိမ်နီး ချင်း ထိုင်းနိုင်ငံသို့ ၁၅ သန်း၊ ဗီယက်နမ်သို့ ၅ သန်း၊ ကမ္ဘောဒီးယားသို့ ၃ သန်း၊ လာအိုနိုင်ငံသို့ ၁ သန်းခန့် လာရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကမူ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ပိုမိုပွင့်လင်းလာသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုလာရောက်နိုင်မည် ဖြစ်သော်လည်း အဓိကလိုအပ် ချက်ဖြစ်သည့် နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့် ခရီးသွားလမ်းညွှန် စသည့် ကဏ္ဍများတွင် ပြည့်စုံမှု မရှိသေး ကြောင်း ပြောသည်။
“ခရီးသွားဖို့ ယာဉ်ကအစ အခက်အခဲတွေအများကြီးရှိတယ်။ မဖြေရှင်းနိုင်လို့ မအောင်မြင်ရင်တော့ နောက်ပိုင်းပြန်ထူထောင်ဖို့ မလွယ်ဘူး” ဟု ၎င်းကဆိုသည်။
ယခုနှစ် ခရီးသွားရာသီအစတွင် ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ကမ္ဘာလည့် ခရီးသွားများမှာ မြန်မာပြည်သို့ ယခင်နှစ်များကထက် ပိုမို လာရောက်ခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ပြောသည်။
မြန်မာနိုင်ငံတွင် သမိုင်းဆိုင်ရာ ရှေးကျသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အပန်းဖြေစရာ ပင်လယ်ကမ်းခြေများ၊ ရေခဲတောင်၊ အအေးပိုင်းဒေသ၊ အပူပိုင်းဇုန် စသည်ဖြင့် ကွဲပြားခြားနားသော အခြေအနေများရှိကြောင်း၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှု ရရှိထား သည့် အခြေအနေတွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။
ရန်ကုန်၊ မန္တလေး၊ ပုဂံ စသည့် မြို့ကြီးများ၏ ဟိုတယ် အများစုတွင် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ အီတလီ စသည့် ဘာသာစကားများ တတ်ကျွမ်းသူ ဝန်ထမ်းဦးရေ နည်းပါးသေးကြောင်း၊ ကမ္ဘာလှည့် ခရီးသွားဆိုင်ရာ ပညာရပ်များ သင်ကြားသည့် ကျောင်းများ ဖွင့်လှစ်ရန်လိုကြောင်း၊ ဟိုတယ်များအဆင့်မြှင့်ရေး၊ ဟိုတယ်အသစ်များ တည်ဆောက်ရေး စသည်တို့လည်း လိုအပ်သေးကြောင်း ဦးတင်ထွန်းအောင်က ထောက်ပြသည်။
လက်ရှိအခြေအနေတွင် ရန်ကန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာနရုံးနှင့် ပြည်လမ်း ပဲခူးကလပ်ရှိ နိုင်ငံခြား ရေး ဝန်ကြီးရုံးကို ဟိုတယ်အဖြစ် ပြောင်းလဲရန် စီစဉ်နေကြောင်း၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင် စသည့် ဟိုတယ်ဇုန်များရှိ ဟိုတယ်များကို 3 Star အဆင့်သို့ မြှင့်တင်ရန် ပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Myanmar Tourism ဂျာနယ်တွင်ဖော်ပြထားသည်။
မကြာသေးမီက သမိုင်းအဆောက်အအုံတခုဖြစ်သည့် ဖြစ်သည့် ဗိုလ်အောင်ကျော်လမ်းရှိ ဝန်ကြီးများရုံးကို ဟိုတယ်အဖြစ် ပြောင်းလဲရန် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက ကြိုးစားခဲ့သော်လည်း ဝိုင်းဝန်းကန့်ကွက် မှုများကြောင့် ရပ်ဆိုင်းခဲ့ရသည်။
ထိုသို့ ဟိုတယ်ဇုန်များ၏ အရည်အသွေးနှင့် ပတ်သက်ပြီး မြှင့်တင်မှုများ ပြုလုပ်နေသော်လည်း ကမ္ဘာလှည့်ခရီးသွားများ၏ လုံခြုံရေး အတွက်မူ အားနည်ချက်များ ရှိနေသေးကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့၌ ဂျပန်အမျိုးသမီး တဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးနှင့် ပတ်သက်ပြီး Tourism Security ဝန်ထမ်းများ စတင်ခန့်ထားကာ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ခရီးသွားလမ်းညွှန်တဦးဖြစ်သည့် ဦးကျော်ဦးက မြန်မာပြည်၏ ခရီးသွားလုပ်ငန်းသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ယခင်နှစ် နိုဝင်ဘာလမှ စတင်ကာ တိုးတက် လာသော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာလှည့် ခရီးသွားများအတွက် ကန့်သတ်နယ်မြေ ထားရှိမှုများကိုလည်း လျှော့ချရန် လိုအပ်ကြောင်း ပြောသည်။
ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားလာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မင်းကွန်း၊ ပုဂံ၊ တောင်ကြီး၊ ကလော၊ ပင်းဒယ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ မြောက်ဦး၊ ချင်းပြည်နယ် နတ်မတောင် စသည့် ဒေသများဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကစီအဖွဲ့ချုပ် (NLD) ကလည်း မြန်မာ့ခရီးသွား လုပ်ငန်းနှင့် ပတ်သက်၍ ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မရှိသော ခရီးသွားလုပ်ငန်းကို ကြိုဆိုကြောင်း ပြီးခဲ့သည့် မေလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သေးသည်။
စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ကာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှု ပြုလုပ် ခဲ့သော်လည်း NLDသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသည့် အနေဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကို သပိတ် မှောက်ခဲ့သည်။