ရုရှား နိုင်ငံ တက္ကသိုလ်များတွင် နျူကလီးယား သိပ္ပံနှင့် ဒုံးကျည်ဆိုင်ရာ ပညာရပ်များကို လေ့ကျင့်သင်ကြားရန် မြန်မာ အစိုးရက စေလွှတ်သည့် စစ်အရာရှိများ ယခုထိ ရာချီရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်က စတင်ပြီး ယခင် မြန်မာစစ်အစိုးရက နျူကလီးယား ဓာတ်ပေါင်းဖိုတခု ဆောက်လုပ်ရန် ရုရှား၏ အကူအညီ ရယူရန်အတွက် အဆိုပါ မြန်မာစစ်အရာရှိများကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သိပ္ပံဆိုင်ရာ လေ့လာရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနပြုရန်အတွက်ဟု အကြောင်းပြပြီး နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် ရုရှားနှင့်သဘောတူခဲ့ကြောင်း တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာစစ်အစိုးရသည် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်ထက် စစ်ရေး အသုံးစရိတ်ကိုပိုသုံးစွဲလေ့ရှိသည်ဟုလည်း တိုင်းမ် မဂ္ဂဇင်းက ဆိုသည်။
နျူကလီးယား စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ၃၀၀ မှ ၃၅၀ ဝန်းကျင်ကို ရုရှားမှ မွေးထုတ်ပေးရေး အပါအဝင် အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ သဘာတူ စာချုပ်တခုကိုလည်း ၂၀၀၇ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် အပြီးသတ်ချုပ်ဆိုခဲ့သည်။
မကြာသေးမီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်တွင်လည်း မြန်မာ အရပ် သား အစိုးရသစ်နှင့် သမ္မတ အိုဘားမားအစိုးရက မြန်မာအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်လိုသည့် ကြိုးပမ်းမှု အပေါ် စိုးရိမ်မကင်းဖြစ်ခဲ့သည်များကို သတင်းများတွင် ဖော်ပြခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် အမေရိကန်က နျူကလီးယားအရေးထက် မြန်မာနှင့်မြောက်ကိုးရီးယား ဆက်ဆံရေးတွင် ဒုံးကျည် ကိစ္စကို မီးမောင်းထိုးပြောဆိုခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း မိမိအနေဖြင့် မြောက်ကိုးရီးယားကို ရောက်ခဲ့ကြောင်း ထိုစဉ်က တပ်မတော် အရာရှိကြီးတဦးအနေဖြင့်၂ နိုင်ငံတပ်မတော်၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကိုသာ လက်မှတ်ရေး ထိုး ခဲ့ကြောင်း မစ္စ ဟီလာရီ၏ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
“တချို့စွပ်စွဲထားတာက နျူကလီးယားကိစ္စ၊ အပါအဝင် မိမိသွားပြီး လက်မှတ်ထိုးတယ်လို့၊ မဟုတ်ပါဘူး။ ဒီကိစ္စက အလွန်ကြီး တဲ့ ကိစ္စပါ။ ဒီကိစ္စကို မိမိလက်မှတ်ထိုးလို့လည်း ရနိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်ကိစ္စလေ့လာတယ်”ဟု သူရ ဦးရွှေမန်းက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကမူ နျူကလီးယားကိစ္စကို မေးမြန်းခဲ့ခြင်းမရှိကြောင်းလည်း သူရ ဦးရွှေမန်းက ဆိုထားသည်။
သို့သော် ယခင်က မြန်မာအစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး သုတေသနလုပ်ကြိုးပမ်းနေကြောင်း မြန်မာစစ်အရာရှိဟောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ၎င်းလျှို့ဝှက်ယူခဲ့သည့် အထောက ်အထား၊ ဓာတ်ပုံမှတ်တမ်းများဖြင့် ဖွင့်ချခဲ့ဖူးသည်။
ရှရှားနိုင်ငံ နည်းပညာ တက္ကသိုလ် ကောလိပ်များတွင် မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀၀၀၀ ခန့် ရှိမည်ဟု သူက ယုံကြည်ကြောင်း၊ အများစုမှာ ကြည်းတပ်က အရာရှိများဖြစ်ကြပြီး နျူကလီးယားသိပ္ပံကို အဓိက သင်ယူလေ့လာနေကြကြောင်း ဖော်ပြ ထားသည်။
ဗိုလ်မုှူးဟောင်း စိုင်းသိန်းဝင်းသည် ရုရှားနိုင်ငံ Bauman University တွင် ဒုံးကျည် အင်ဂျင်ဆိုင်ရာ ဌာနတွင် ပါရဂူ အဆင့် အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံသား တဦး၊ အီရန်နိုင်ငံသား တဦးနှင့်အတူ တက်ရောက်သင်ယူခဲ့သူဖြစ်သည်။
ထို့နောက် ရှရှားနိုင်ငံမှ ပြန်လာပြီး နျူကလီးယားပိုင်ဆိုင်ရန် အားထုတ်မှုတရပ် အတွက် တည်ဆောက်ထားသည့် စစ် လက်နက် ပစ္စည်း စက်ရုံတခုတွင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
အဆိုပါ စက်ရုံတွင် စက်ပစ္စည်း အမြောက်အများသည် မြောက်ကိုရီးယားမှ ဝယ်ယူခဲ့သည့် ပစ္စည်းများဖြစ်ပြီး ဂျာမနီနိုင်ငံ ထုတ် စက်ပစ္စည်းများလည်းရှိကြောင်း သူက ပြောဆိုခဲ့သည်။
သို့သော် မြန်မာအစိုးရက အဆိုပါ စွပ်စွဲပြောကြားမူကို ပယ်ချခဲ့သည်။ ထို့နောက် ရုရှားက နျူကလီးယားဓာတ်ပေါင်းဖို ကိစ္စ ဆက်လက် ကူညီခြင်း မရှိဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
မြန်မာ အစိုးရက အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း လာစဉ်ကလည်း ဆင်းရဲသည့်နိုင်ငံဖြစ်သည့် အတွက် နျူကလီးယား အစီအစဉ်ကို ဖော်ဆောင်ရန် မရှိကြောင်း အခိုင်အမာငြင်းဆိုပြီး ကြေညာခဲ့သည်။
သို့သော် နျူကလီးယားကိစ္စ၊ ဒုံးကျည်ကိစ္စ စသဖြင့် မြန်မာအစိုးရနှင့် ရရှားတို့၏ ဆက်ဆံရေးကို ပို၍ စိတ်ဝင်စားလာကြသည်။
Bauman University က ဒုံးကျည်နည်းပညာဆိုင်ရာ ပို့ချသူ Valery Gostev က သူ့အနေဖြင့် ယခုစာသင်နှစ်တွင် မြန်မာကျောင်းသား ၁၂ ဦးကို အဆိုပါ နည်းပညာပို့ချပေးနေကြောင်း၊ အခြားဌာနများက မြန်မာ ကျောင်းသားများကို နျူကလီးယားသိပ္ပံ ပညာရပ်ကို လေ့ကျင့် သင်ကြားပေးနေကြောင်း အတည်ပြုပြောခဲ့သည်ကို တိုင်းမ် မဂ္ဂဇင်း သတင်းတပုဒ်တွင်လည်း ဖော်ပြ ထား သည်။
မြန်မာကျောင်းသားများကို ဒုံးကျည်ပညာရပ်သင်ကြားပို့ချခြင်းသည် ရုရှားအနေနှင့် နိုင်ငံတကာ ပဋိညာဉ်များကို ပျက်ပြားစေ ရန် လုပ်ဆောင်ခြင်းမဟုတ်ဟု တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြထားသော်လည်း မြန်မာစစ်အရာရှိများကို ရုရှားက အဆိုပါ ပညာရပ် များ သင်ကြားပေးနေသည်များမှာ ကောင်းမွန်သည်ဟု ပြော၍ မရကြောင်း နိုင်ငံတကာ နျူကလီးယား စွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲဟောင်း မစ္စတာ ရောဘတ်ကယ်လီ က မှတ်ချက်ပြုထားသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ဆက်ဆံရေး မျက်နှာစာသစ်ဖွင့်ပြီး အမေရိကန်၏ စိုးရိမ်သံသယများ ကင်းရှင်းသွားရေး ကြိုးပမ်းသွားမည်ဟု အတိအလင်းပြောကြားထားမှု ရှိသော်လည်း ရုရှားရောက် မြန်မာစစ်အရာရှိများ၏ နျူကလီးယား သိပ္ပံနှင့် ဒုံးကျည်ဘာသာရပ်လေ့လာမှုများ၏ အခန်းကဏ္ဍ မည်သို့ ဆက်ရှိမည်ကို လေ့လာသူများအကြား မေးခွန်းထုတ်နေကြသည်။