နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟကိုအာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။
“ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘဝတခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
ဆရာတော် အရှင်ပညာသီဟသည် မည်သို့သော ဖိအားများ ရင်ဆိုင်နေရသည်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိသော်လည်း ရင်ဆိုင်နေရသည့် ဖိအားများကို ဆရာတော်က အကြောက်တရား ကင်းကင်းဖြင့် ရင်ဆိုင်သွားမည်ဟု ပြောသည်။
“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” ဟု ရွှေညဝါ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
သာဓု ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်ပွဲ လုပ်ချင်သည်ဟု လာရောက် လျှောက်ထားသဖြင့် ဆရာတော်က အသာတကြည် လက်ခံလိုက်ကြောင်း ပြောသည်။
“တကယ်တော့ သူတို့ကသာ လာလျှောက်လို့ လက်ခံတယ်လို့ စကားလှအောင် ပြောတာ။ သူတို့ မလျှောက်ခင်ကတည်းက ဘုန်ကြီးက ခွင့်ပြုပြီးသား” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
မြန်မာပြည်တွင်းတွင် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဆရာတော်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အားလုံး တောင်းဆိုကြတာက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ပြည်တွင်းစစ်ရပ်ဖို့။ ဒါပေမယ့် ဘုန်းကြီးကတော့ တခွန်းတည်းပဲ ပြောချင်တယ် ငြိမ်းချမ်းရေးရဖို့ပဲ။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အကျဉ်းကျ နေတဲ့အတွက် မငြိမ်းချမ်းနိုင်ဘူး၊ နယ်စပ်တွေမှာ စစ်ပွဲတွေဖြစ်နေတော့ မငြိမ်းချမ်းနိုင်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ အရမ်းကို အရေးကြီးပါတယ်” ဟု ဆရာတော်က ဆိုသည်။
ယင်းနေ့ အခမ်းအနားတွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအတွက် အလွန်လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက် ငြိမ်းချမ်းရေး မရရှိဘဲ စစ်ပွဲများနှင့်သာ အချိန်ကုန်ဆုံး ခဲ့ရကြောင်း ပြောဆိုသည်။
“ပထမ ငြိမ်းချမ်းရေး၊ ဒုတိယ ငြိမ်းချမ်းရေး၊ တတိယ ငြိမ်းချမ်းရေးပဲ။ ကျမတို့ခေတ်မှာ အရင်ခေတ် အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင် ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက် ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံဟာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့၊ ငြိမ်းချမ်းတဲ့၊ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများ ကလည်း ဒီမိုကရေစီနိုင်ငံအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန် တောင်းဆို နေကြသည်။