ဘက်ပေါင်းစုံက ပွင့်လင်း မြင်သာမှုတွေ ရှိလာပြီဆိုတဲ့ လက်ရှိအစိုးရလက်ထပ်မှာ ရုပ်ရှင်လောကသားတွေကတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့အတူ ရုပ်ရှင်ဆင်ဆာ မူဝါဒနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဂီတလောကသားတွေ အကြားမှာတော့ မကျေလည်တဲ့ အသံတွေ ကြားနေရဆဲဖြစ်ပါတယ်။
ဂီတအစည်းအရုံးကနေပြီး ဂီတသမားတွေ ဖန်တီးသီဆိုထားတဲ့ တေးသီချင်းတွေကို ဘယ်နေရာမှာမဆို စီးပွားရေးအရ သုံးစွဲခွင့်နဲ့ ပတ်သက်လို့ အလွှာလိုက် ပေးဆောင် အသုံးပြုကြမယ် ဆိုပေမယ့် အဲဒီကိစ္စကို ဘာမှ ဆောင်ရွက်မပေးမှုအပေါ် အဆိုတော် သားစိုးနဲ့ ဂီတ လောကသား တချို့က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
“သီချင်းတွေကို အလွှာလိုက် ဆောင်ရွက်ပေးမယ်ဆိုပြီး ဖြစ်မလာတာ ကျနော်တယောက်တည်းတင်မဟုတ်ဘူး။ တခြားဂီတသမားတွေလည်း အဲဒီကိစ္စကို သိချင်နေကြတယ်။ ဂီတအစည်းအရုံးအနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေး စေချင်ပါတယ်” လို့ သားစိုးက ပြောပါတယ်။
ဂီတအစည်းအရုံးအနေနဲ့ သီချင်းတပုဒ်ကို စီးပွားရေးအရ အသုံးပြုတော့မယ်ဆိုတာနဲ့ ရေး၊ ဆို၊ တီး၊ အသံဖမ်း၊ ဖြန့်ချိစသဖြင့် အလွှာ အသီးသီးအလိုက်ကို သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေးဆောင် အသုံးပြုရမယ်ဆိုပြီး သတ်မှတ်ပေးထားခဲ့တာပါ။
“၂၀၀၉ ခုနှစ် နှစ်ကုန်တုန်းကပဲ FM တွေက ကျနော့်သီချင်းကို ထုတ်လွှင့်ခအဖြစ် တနှစ်လုံးစာ အတွက် ကျပ် ၈၀၀၀ ပေးဖူးပါတယ်။ အဲဒီကစပြီး မရလိုက်တာ အခု ၂၀၁၁ နှစ်ကုန်အထိပါပဲ” လို့ သူက ဆိုပါတယ်။
ပြည်တွင်းထုတ် ဂျာနယ်တွေမှာတော့ ဂီတအစည်းအရုံးက FM ရေဒီယိုတွေမှာ တေးသီချင်း သုံးစွဲမယ်ဆိုရင် သုံးစွဲခအဖြစ် မည်ရွေ့ မည်မျှ ပေးဆောင်သုံးစွဲမယ် ဆိုတာကို ဂီတအစည်းအရုံးအနေနဲ့ ဖြေရှင်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ရေးထားတာ တွေ့ရပေမယ့်လည်း ယခုလက်ရှိမှာတော့ အဆိုတော်သားစိုးက FM အသံလွှင့်ဌာနတွေ၊ ပြည်တွင်း ရုပ်သံဌာနတွေက သူတို့ရဲ့ တေးသီချင်းတွေကို အသိပေးခြင်းမရှိဘဲ သုံးချင်သလို အသုံးပြုတယ်လို့ ပြောနေပါပြီ။
“FM တွေ အပါအဝင် MRTV 4 တို့ Sky Net တို့လို တီဗီ Channelတွေ က သီချင်းတွေကို ကျနော်တို့ဆီက ဝယ်ပြီးလွှင့်ရမှာကို လွှင့်ချင်သလို လွှင့်ပြီးမှ ဂီတ အစည်းအရုံးကို လာပြီးရှင်းတယ်။ ပြောင်းပြန်ဖြစ်နေပါတယ်” လို့ သားစိုးက ဆိုပါတယ်။
City FM (ရန်ကုန်) စတင် တည်ထောင်ကာစ အချိန်ကလည်း တေးသီချင်းတွေကို ဖန်တီးသီဆိုသူတွေကို အသိမပေးဘဲ သုံးစွဲခဲ့တဲ့အတွက် ဂီတအနုပညာရှင် အယောက် ၂၀ ကျော် ကန့်ကွက် လက်မှတ်ထိုးပြီး သူတို့ရဲ့ တေးသီချင်းတွေကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ဖူးတဲ့ သာဓကရှိခဲ့ဖူး ပါတယ်။
အဲဒီလို ကန့်ကွက်မှုတွေကြောင့် City FM အနေနဲ့ ကန့်ကွက်ထားတဲ့ အနုပညာရှင်တွေရဲ့ တေးသီချင်းတွေကို ရှောင်ပြီး ထုတ်လွှင့်ခဲ့ရဖူးတာလည်း ရှိခဲ့ပါတယ်။
“City FM ဥက္ကဋ္ဌ ဦးလှမြင့်ဆွေက အဲဒီလို ကန့်ကွက် လက်မှတ်ထိုးထားတဲ့ တေးရေးတွေ၊ အဆိုတော်တွေရဲ့ နာမည်ပါတဲ့ ကြော်ငြာဘုတ်တွေ ဆိုရင် ရန်ကုန်မြို့တွင်းမှာရှိတဲ့ စည်ပင် နယ်နိမိတ် အတွင်းမှာ ထောင်ခွင့် မပေးဘူး” လို့ တေးရေး ဆရာတဦးက ပြောဖူးပါတယ်။
အဲဒီလို တေးရေးတေးဆို နာမည်ပါတဲ့ ကြော်ငြာဘုတ်တွေကို ရန်ကုန်မြို့တွင်းမှာ ထောင်ခွင့်မရတဲ့အတွက် ထုတ်လုပ်သူ အခက်အခဲ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ခိုးကူးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်အစည်းအရုံးက လွှတ်တော်အထိ တင်ပြထားပြီးပေမယ့်လည်း ဂီတအစည်းအရုံး အနေနဲ့တော့ ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကိုလည်း အဆိုတော်သားစိုးက ပြောပါတယ်။
ရုပ်ရှင် အစည်းအရုံးလိုပဲ ဂီတအစည်းအရုံးအနေနဲ့လည်း ဖြေရှင်းစရာတွေ ရှိနေသေးတဲ့အတွက် အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ဂီတလောကသားတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စီစဉ်တဲ့ပွဲ ဇော်ဝင်းထွဋ်လည်းပါမယ်
ဒီဇင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းမှာ အဆိုတော် အနုပညာရှင်များ၊ တေးဂီတဝိုင်းများစွာ ပါဝင်ပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပမယ် ဆိုတဲ့ ဂီတပွဲကြီးက ပါမစ်မရသလိုလို၊ ပွဲပျက်မလိုလို သတင်းကြားနေပါတယ်။
ဒါပေမယ့် အဲဒီပွဲ ကျင်းပဖြစ်ရင် အင်ပါယာတီးဝိုင်းနဲ့အတူ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်လည်း ပါဝင် သီဆိုမယ်လို့ ပြောပါတယ်။
“ကျနော်က တပုဒ် နှစ်ပုဒ် ဝင်ဆိုဖြစ်မယ်။ တီးဝိုင်းစီစဉ်ပေးမယ်” လို့ ဇော်ဝင်းထွဋ်ကဆိုပါတယ်။
ဒီဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံမှာ ရှိသမျှသော တေးဂီတဝိုင်းများစွာ ပါဝင်မှာဖြစ်ပြီး အဆိုတော် အနုပညာရှင်ပေါင်း ခန့်မှန်းခြေ ၅၀ နီးပါးလောက် သီဆို ပါဝင်မှာပါ။
ဒီဖျော်ဖြေပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ကျင်းပမှာဖြစ်ပြီးတော့ ပြည်ထောင်စု တိုင်းရင်းသားတွေအတွက် ပညာရေး ရန်ပုံငွေ အဖြစ် ဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။
“အရင်ကဆိုရင် တို့မြန်မာပြည်မှာ တခုခုလုပ်မယ်ဆိုရင် ဟိုဟာကြောက်ရ၊ ဒီဟာကြောက်ရ။ ဟိုမျက်နှာကြည့်ရ ဒီမျက်နှာကြည့်ရတွေက တအားများခဲ့တာကိုး။ အခုက အဲလိုမဟုတ်ဘဲ ဖေးဖေးမမနဲ့၊ စိတ်တူကိုယ်တူနဲ့ အထူးသဖြင့် အန်တီစုရဲ့ အိုင်ဒီယာတွေ အများကြီးပါပါတယ်။ အန်တီက လုပ်စေချင်တာကိုး။ အဓိကက ပိုက်ဆံရှာတာထက် ပြန်လည် စည်းလုံးညီညွတ်စေတာ မျိုးကို သူက လိုချင်တာ” လို့ အဆိုတော် ဇော်ဝင်းထွဋ်က ဆိုပါတယ်။
သူ့အနေနဲ့ အနုပညာရှင် အများအပြားပါဝင်မယ့် စိတ်ဓာတ်ခွန်အား နိုးကြားစေနိုင်တဲ့ တေးစီးရီးမှာလည်း ပါဝင် သီဆိုသွားဦးမှာလို့ ပြောပါတယ်။
တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ဟာ “မဟာ” တေးစီးရီးခွေ ထွက်ရှိပြီးတဲ့ နောက် အဲဒီအခွေထဲက အစိုးရရဲ့ ပေါ်လစီသီချင်းတွေကြောင့် ပရိသတ် တချို့ရဲ့ ပြစ်တင် ဝေဖန်သံတွေနဲ့ အတူ အောင်မြင်မှုတွေ မှေးမှိန်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူး ပါတယ်။
ယင်းကဲ့သုပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာအများဆုံးရရှိခဲ့ဖူးတဲ့ အဆိုတော် စိုင်းထီးဆိုင်ဟာလည်း တေးရေးမြသန်းစံရေးစပ်တဲ့ စစ်အစိုးရ အကျိုးပြုပေါ်လစီ တေးသီချင်းတွေ သီဆိုခဲ့ သည့်နောက်ပိုင်း ပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာလျော့နည်းသွားခဲ့တာတော့ အမှန်ပါ။
၁၅ ရက်နေ့ပွဲကို ပရိသတ်က မျှော်လင့်နေသလို ပါဝင်မယ့် ဂီတပညာရှင်တွေလည်း တော်တော်လေး စိတ်အား ထက်သန်နေတာ တွေ့ရပါတယ်။
ဒီပွဲ မပျက်ပါစေနဲ့လို့ ဆုတောင်းရင်း …။