ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ လွှတ်တော်များကို လေ့လာရန် နယူးဒေလီမြို့သို့ ယမန်နေ့ကရောက်လာကြသည်။
ရက်သတ္တ တပတ်ကြာ ခရီးစဉ်အတွင်း နယူးဒေလီရှိ အထက်လွှတ်တော်၊ အောက်လွှတ်တော် တို့ကို လေ့လာမည့် ကိုယ်စားလှယ် အဖွဲ့တွင် သူရဦးရွှေမန်း၊ အစိုးရ နှင့် လွှတ်တော်ဆိုင်ရာ အရာရှိ ၃၀ ပါဝင်သည်ဟု မြန်မာအစိုးရ၏ထုတ်ပြန်ချက်များအရ သိရသည်။
ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယအတိုက်အခံပါတီများနှင့်လည်း တွေ့ဆုံမည်ဖြစ်ရာ အိန္ဒိယ၏ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးမှုကို လေ့လာနိုင်မည်ဖြစ်သောကြောင့် အကျိုးရှိမည်ဖြစ်ဟု အိန္ဒိယနိုင်ငံရေး လေ့လာသူများက ဆိုကြသည်။
“မြန်မာပြည်မှာက ပါလီမန် ဒီမိုကရေစီနဲ့ ပါတီစုံ စနစ်ဆိုပေမယ့် အခုလက်ရှိ နေပြည်တော် လွှတ်တော်ထဲဖြစ်ဖြစ် တခြား တိုင်းဒေသကြီး လွှတ်တော်တွေမှာပဲ ဖြစ်ဖြစ်၊ ဘယ်မှာ ကြည့်ကြည့် အတိုက်အခံက မည်ကာမတ္တတောင် မရှိတဲ့ အနေအထားမှာရှိတော့ ဒါက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဖီလာဖြစ်နေတဲ့ အနေအထား ဖြစ်နေတယ်။ ဒါကြောင့် အိန္ဒိယကနေ ဒီလိုစနစ်မျိုးကို ယူနိုင်ရင်တော့ မြန်မာပြည်အတွက် အကျိုး ရှိမယ်လို့ ယူဆပါတယ်” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ခံရသည့် ဒေါက်တာတင့်ဆွေက ပြောသည်။
အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီနည်းကျသည့် အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲ စနစ်တို့အပြင် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အိန္ဒိယ၏ စိုက်ပျိုးရေး၊ ပညာရေးဆိုင်ရာ နည်းပညာများကိုပါ လေ့လာသင့်သည်ဟု သူက ဆိုသည်။
အောက်တိုဘာလကလည်း အိန္ဒိယသို့ သမ္မတ ဦးသိန်းစိန် ချစ်ကြည်ရေးခရီး လာရောက်ပြီးဖြစ်သည်။ ထိုခရီးစဉ်အတွင်း အိန္ဒိယအစိုးရက မြန်မာအစိုးရသစ်၏ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတွင် အကူအညီပေးမည်ဟု ပြောဆိုခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌများကလည်း ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့သည်။
နယူးဒေလီတွင် ရောက်နေသော သူရဦးရွှေမန်းနှင့် အဖွဲ့သည် အထက်လွှတ်တော်နာယက၊ အထက်လွှတ်တော်ဥက္ကဌ၊ အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ၊ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ရေးရာ ဝန်ကြီး၊ လွှတ်တော်နှစ်ရပ်လုံးမှ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
လွှတ်တော်အမတ်များ အပါအဝင်၊ အိန္ဒိယနိုင်ငံတကာဆက်ဆံရေးအဖွဲ့၊ ဒေလီဝန်ကြီးချုပ်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။
ခရီးစဉ်အတွင်း နယူးဒေလီနှင့် မွန်ဘိုင်း (ဘုံဘေ) ရှိ စီးပွားရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုဌာနများ၊ သမိုင်းဝင်နေရာများကိုပါ သွားရောက် လေ့လာကြမည်ဟု ဆိုသည်။