အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်ငံရေးပါတီ ထူထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်လိုက်ပြီ ဖြစ်သည်။
“ကျနော်တို့ကို တည်ထောင်ခွင့် ပေးတယ်ဆိုတာက Permission ပေးတဲ့ သဘောပေါ့။ ဒါကို ကျနော်တို့က နောက်ထပ် မှတ်ပုံ တင်ဖို့ လုပ်ရဦးမယ်” ဟု NLD ပါတီ၏ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ဒီဇင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက် ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတည် တည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ် ခွင့်ပြုပေးလျှက်ရှိရာ ဦးတင်ဦးပါ ၂၁ ဦးတို့က လျှောက်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများဖြင့် ညီညွတ်ကြောင်း တွေ့ရသဖြင့် ကော်မရှင်က ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီ ထူထောင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်” ဟု သတင်းစာများတွင် ရေးသားထားသည်။
NLD ပါတီ တည်ထောင်ခွင့်ကို လွန်ခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့ပြီး ယခု ပါတီ ထူထောင်ခွင့်ပြုမိန့် ကျပြီဖြစ်ရာ မှတ်ပုံတင်ရန်အတွက် လာမည့် သတင်းပတ်အတွင်း နေပြည်တော်သို့ သွားရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ရှင်းပြသည်။
ကော်မရှင်က စိစစ်ဆဲ ကာလတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သူ ၂၁ ဦး၏ ကိုယ်ရေးရာဇဝင်များကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဥပဒေအရ နိုင်ငံခြားမှ အကူအညီယူခြင်းရှိ၊ မရှိ တို့ကိုလည်း မေးမြန်းခဲ့ကြောင်း သူက ဆိုသည်။
NLD ပါတီသည် ယခင်အသုံးပြုခဲ့သည့် ခမောက် သင်္ကေတကို အသုံးပြုတော့မည် မဟုတ်တော့ဘဲ ယခုလက်ရှိ ပါတီအလံအတိုင်း အနီရောင် အောက်ခံတွင် အဖြူရောင် ကြယ်နှင့် ရွှေရောင် ခွပ်ဒေါင်းပုံ၊ အဖြူရောင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” စာတန်းကို အောက်ခြေတွင် ဖော်ပြထားသည့် အမှတ်တံဆိပ်အား အသုံးပြုမည်ဖြစ်ကာ အမှတ်တံဆိပ်၏ စံပြု အရွယ်အစားမှာ ထောင့်မှန်စတုဂံပုံ အလျား ၁. ၆၂ လက္မ၊ အနံ ၁ လက္ခ ဖြစ်ကြောင်း NLD က ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ နေအိမ်တွင် ၁ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ အလွတ်သဘော ဆွေးနွေးခြင်းသာဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ သိတာကတော့ ကောင်းကောင်းမွန်မွန် မိတ်ဆက်စကားပြောကြတာပါ။ အသေးစိတ်တော့ မသိပါဘူး။ ခေါင်းစဉ်တော့ မရှိပါဘူး။ မိတ်ဆွေတွေ ပြောကြတဲ့ပုံစံပါပဲ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဆက်လက်၍ ဦးဉာဏ်ဝင်းက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် များစွာ ဆက်လက်လုပ်ဆောင် နေရဦးမည်ဖြစ်ပြီး အခုကဲ့သို့သော တွေ့ဆုံမှုများသည် အလားအလာကောင်းများ ဖြစ်သည်ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခင်အောင်မြင့်တို့ တွေ့ဆုံမှုအပေါ် NLD လူငယ်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်များကလည်း မြန်မာနိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သည်ဟု ရှုမြင်ကြသည်။
“ကျနော်တို့ကတော့ အားလုံး အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကြရင် ကျနော်တို့ တိုင်းပြည်ကောင်းသွား မှာပဲလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NLD လူငယ် ကိုကျော်စိုးနိုင်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်သည် NLD ပါတီအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ ရလဒ်သည် ဖျောက်ဖျက်၍ ရသည့် ကိစ္စမဟုတ်ကြောင်း Yangon Times သတင်းဂျာနယ်နှင့် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံစဉ် ပြောခဲ့သေးသည်။
NLD ပါတီ မှတ်ပုံပြန်တင်မည် ဆိုပါက လွှတ်တော် အကြီးအကဲဖြစ်သည့် ၎င်းနှင့်အတူ လွှတ်တော်ထဲမှ ကိုယ်စားလှယ် များက ကြိုဆိုမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများက ရွေးချယ်တင်မြှောက်ပါက လွှတ်တော် တွင်းကို ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝ သည့် ပညာတတ်တယောက် ဖြစ်သောကြောင့် နိုင်ငံတည်ဆောက်ရေးအတွက် များစွာ အားကိုးရမည် ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။