ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ မန်းငြိမ်းမောင်သည် အစိုးရ အာဏာပိုင်များက တရားမဝင် အသင်း ဆက်သွယ်မှု ပုဒ်မ၁၇(၁)ဖြင့် လတ်တလော စွပ်စွဲခံထားရပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ပြီးခဲ့သည့် အပတ် က ရုံးတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးမန်းငြိမ်းမောင်ကို အစိုးရ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃/၁၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈ တို့နှင့် စက်တင်ဘာ၂၇ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ထားပြီး ဒုတိယ အကြိမ် စစ်ဆေးနေခြင်း ဖြစ် ကြောင်း ရန်ကုန် အခြေစိုက် The Flower News ဂျာနယ်တွင် ဖော်ပြထားသည်။
KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေကလည်း ပြည်တွင်း ဂျာနယ်များတွင် မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ရေးသားဖော်ပြချက်များသည် မှန်ကန်နိုင်ဖွယ်ရှိသည်ဟု ဧရာဝတီသို့ ပြောသည်။
“ထွက်ရှိလာတဲ့ သတင်းအချက်အလက်တွေ ဖတ်ကြည့်တဲ့အခါကျတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ခက်တာက မင်္ဂလာဒုံ ဘယ်ရုံး မှာလဲဆိုတာ သေချာအောင် ပြန်လိုက် ကြည့်ရဦးမယ်”ဟု ၎င်းက ဆိုသည်။
မန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင် ပျောက်ဆုံးခဲ့သည်။ တရုတ်မြန်မာ နယ်စပ်မှ လာသော သတင်းအရ ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ အာဏာပိုင်များက ၎င်းကို မြန်မာပြည်သို့သွားသည့် လေယာဉ်တစီးဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန်းငြိမ်းမောင်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟူသော သတင်းများ ၆ လခန့် ထွက်ပေါ်နေသော်လည်း အစိုးရက တစုံတရာ တုံ့ပြန်ခြင်း မရှိပေ။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
သို့သော် ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့ကြောင်း သိရသည်။