မြန်မာနိုင်ငံ မြောက်ပိုင်းတွင် Elvis ဟု အမည်ပေးထားသော ထူးဆန်းသည့် မျောက်မျိုးစိတ်သစ် တမျိုး တွေ့ရှိကြောင်း သိရှိရသည်။
အရှေ့တောင်အာရှမဲခေါင် မြစ်ဝှမ်း ဒေသတွင် ဇီ၀ မျိုးစိတ်သစ်ပေါင်း၂၀၈ မျိုးကို သိပ္ပံပညာရှင်များက ထပ်မံတွေ့ရှိခဲ့ရာ မြန်မာ နိုင်ငံ မြောက်ပိုင်းက ထူးဆန်းသည့် မျောက်တမျိုးလည်း ပါဝင်ကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သော သဘာ၀ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း တွေ့ရှိခဲ့ရသည့် ထိုမျောက်အမျိုးအစားမှာ ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ် ပရက်စလေ(Elvis Presley) ၏ ဆံပင်ပုံစံမျိုးနှင့် ဆင်တူ၍ အမွေးနက်ပြောင်ပြီး နှာခေါင်းပေါက်များမှာ သာမန်မဟုတ်ဘဲ ပြောင်းပြန် အပေါ်သို့မျက် နှာမူနေကြောင်း အစီရင်ခံစာ၌ ပါရှိသည်။ အဆိုပါ မျောက်သည် ဇီ၀ မျိုးစိတ်ဆိုင်ရာ သိပ္ပံတွေ့ရှိချက် အသစ်တခုဖြစ်ပြီး မြန်မာ ဒေသခံများက ကောင်းစွာသိသည်ဟုလည်း AP သတင်းတရပ်က ဆိုသည်။
မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း ကချင်ပြည်နယ်ဒေသသည် ထူးဆန်းသော တိရစ္ဆာန်များစွာရှိကြောင်း လေ့လာသူများကလည်း ပြောဆိုကြသည်။
ထို့အတူ ဗီယက်နမ်နိုင်ငံတွင်လည်း ထူးဆန်းသည့် မျိုးစိတ်သစ် တောက်တဲ့ တမျိုးကို တွေ့ရှိရပြီး အရောင်အဆင်းလည်း ထူးခြား တောက်ပမှု ရှိကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှု၊ သစ်တော ပြုန်းတီးမှု၊ စားကျက်ပျောက်ဆုံးမှုများကြောင့် ဇီ၀ ဖြစ်စဉ်ပြောင်းလဲတတ်ကြောင်း၊ ထို့ကြောင့် ဇီ၀ ဖြစ်စဉ်ပြောင်းလဲသွားသည့် ထူးဆန်းသော တိရစ္ဆာန်များကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (WWF)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
World Wildlife Fund(WWF)ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သည် ဆွစ်ဇာလန် နိုင်ငံတွင် အခြေ စိုက်သည့် အဖွဲ့တဖွဲ့ဖြစ်သည်။
WWF ၏ မဟာမဲခေါင် ဒေသဆိုင်ရာ ဆက်သွယ်ရေးမှူး Sarah Bladen က“ဒီဒေသက ဇီ၀ ဖြစ်စဉ်ပြောင်းလဲတဲ့ အပိုင်းမှာ အလွန်ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတခုဖြစ်သလို အတော့်ကို အကာအကွယ်မဲ့တဲ့ အခြေအနေမျိုးပါ၊ ဝမ်းနည်း စရာကောင်းတာကတော့ ဇီ၀ မျိုးစိတ်တွေ ပျက်သုဉ်းနေတာပါပဲ”ဟု ပြောသည်။
မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မဲခေါင်ဒေသတွင် သဘာ၀ တိရစ္ဆာန်များနှင့် မျိုးစိတ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်နေကြောင်းလည်း အောက်တိုဘာလ က WWF က ထုတ်ပြန်ထားသည်။