ကချင် စစ်ပြေးဒုက္ခသည်များ အတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့ တချို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ပထမဆုံး အကြိမ် သွားရောက်၍ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ ပေးခဲ့
ကြောင်း သိရသည်။
“အဓိက လိုအပ်နေတဲ့ အိမ်သုံးပစ္စည်းတချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်၊ ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့ ပထမဆုံး သွားရောက်ခဲ့တဲ့ လေ့လာရေး ခရီးစဉ်သဘောပါ၊ ဆက်လက်ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ဧရာဝတီ ကိုပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး(UNOCHA)တို့သည် ကချင်ပြည်နယ် သို့ ယမန်နေ့က ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေး ကိစ္စများကို KIA နှင့်ဆွေးနွေး၍ ဒုက္ခသည်များထံ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သိရသည်။
“အိမ်ထောင်စု ၃၀၀ အတွက် ပစ္စည်း ၆ မျိုးပါတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းတွေ၊ စောင်၊ အဝတ်အထည်တွေကို ပေးခဲ့ပါတယ်”ဟု ရန်ကုန် အခြေစိုက် ယူနီဆက်ရုံး၏ ပြန်ကြားရေးအရာရှိ Mr. Zafrin Chowdhuryက
ဆိုသည်။
ကုလသမဂ္ဂ အဖွဲ့များသည် မြန်မာအစိုးရ၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့နှင့် သဘောတူညီမှုရရှိခဲ့ပြီး ဗန်းမော်မြို့မှ လိုင်ဇာဒေသသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေကြရသည့် KIA ထိန်းချုပ်ရာ ဒေသများမှ စစ်ပြေးဒုက္ခသည်များကို ဆက်လက် ကူညီထောက် ပံ့ ပေးခွင့်ရရန် မျှော်လင့်ထားကြောင်း Mr. Zafrin Chowdhury က ဆက်ပြောသည်။
ထိုအဖွဲ့များနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) အပါအဝင် NGO များကိုပါ KIA ထိန်းချုပ်ဒေသသို့ သွားရောက်ကူညီခွင့် ကို အစိုးရ အာဏာပိုင်များက ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ယခု ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
“ယူအန်အဖွဲ့(ကုလသမဂ္ဂ)က ပုဂ္ဂိုလ် ၄ ဦးရယ်၊ ကား ၆ စီးနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ပါပါတယ်၊ ဆန်နဲ့ တခြားပစ္စည်းတွေပါ”ဟု လိုင်ဇာ အခြေစိုက် ကချင် စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ် က ဧရာဝတီကို ပြောသည်။
ကချင်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ဒုက္ခသည် ဦးရေ တိုးပွားလာနေကြောင်း၊ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်သည့်အရာမှာ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ကလေးများ၏ ပညာရေးကိစ္စများ ဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တဝိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း ကိုလာရစ်က ဆက်လက်ပြောဆိုသည်။
မြန်မာအစိုးရ ထိန်းချုပ်ရာဒေသ မြစ်ကြီးနားနှင့်မြို့နယ်တချို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေးအဖွဲ့များကလည်း ပစ္စည်းတချို့ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လှူဒါန်းခဲ့သေးသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အားတိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ ထပ်မံ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားသည်ဟု
ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်များကို လှူဒါန်းသည့်အခမ်းအနားတခု၌ ပြောဆိုသွားခဲ့ကြောင်း ဒေသခံများ က ပြောသည်
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက ငွေကျပ် သိန်း ၇၀၀ နှင့် အဝတ်အထည်များ လှူဒါန်းသည့် ယင်းအခမ်း အနား ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ ပြုလုပ်ခဲ့ရာ၌ ပြည်တွင်း မီဒီယာ တချို့နှင့်ဒေသခံ များ တက်ရောက်ခဲ့စဉ် ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြားစာအား KIA မှ အတိအကျမသိသေးဟု ပြောဆိုပြီး အစိုးရသတင်းစာများကလည်း တရားဝင်ကြေညာ ခြင်း မရှိပေ။
“၁၀ ရက်နေ့မှာ သမ္မတက စာပို့ထားတယ်လို့ကြားပေမယ့် တိုက်ပွဲက ဒီနေ့အထိ ဖြစ်နေတုန်းပါ၊ စစ်တပ်အနေနဲ့ ဘယ်အတိုင်း အတာ အထိ လိုက်နာမလဲဆိုတာ စောင်ကြည့်ရဦးမှာပါ”ဟု KIA ၏ ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။
၎င်းက“မနေ့က ဆိုရင်လည်းပဲ မြစ်ကြီးနားဘက်ကို ရထား၂ စီးနဲ့ စစ်သားတွေ အပြည့်ရောက်လာတယ်၊ ဗန်းမော်ဘက် ကို လည်း စစ်သဘောၤ ၄ စီးရောက်လာတယ်၊၂ စီးက စစ်သားတွေ၊၂ စီးက စစ်လက်နက်တွေ အပြည့်ပါတယ်”ဟု ဆက်ပြော သည်။
အစိုးရစစ်တပ်သည် ရှေ့တန်း စစ်မျက်နှာ၌ တပ်အင်အား ထပ်မံတိုးချနေကာ လားရှှိုးမြို့နယ်ဒေသ တဝိုက်တွင်လည်း တပ် အင်အား တိုးချနေသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့က KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရကြသေးဘဲ တိုက်ပွဲများ ဖြစ်နေကြောင်း၊ သို့သော် အစိုးရ ဘက်မှ တွေ့ဆုံရန် ကမ်းလှမ်းလာပါက ၎င်းတို့အနေနှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း ဦးလနန် က ဆိုသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။