တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ဝါးတံတားတဲ ၂၀၀ နီးပါးကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး နေထိုင်သူများအား ယနေ့အပြီးပြောင်းရွှေ့ခိုင်းမှုကြောင့် နေထိုင်သူများ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
“ဒီနေ့ အပြီးပြောင်းပေးရင် ပြောင်းပေး၊ မပေးရင် ဥပဒေအရ အရေးယူမယ်လို့ လာခြိမ်းခြောက်သွားတယ်” ဟု ဝါးတံတားတွင် နေထိုင်သူ တဦးက ပြောသည်။

အဆိုပါ ငမိုးရိပ်ချောင်းဘေး ဝါးတံတား အနီးတွင် ဘိလပ်မြေ စက်ရုံတရုံကို နိုဝင်ဘာလက စတင် တည်ဆောက်ခဲ့ပြီး ဘိလပ်မြေ သယ်ယူပို့ဆောင်ရာတွင် မလွတ်၍ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ရှင်းပြသည်။
“ဘိလက်မြေ စက်ရုံပိုင်မြေဖြစ်သွားတဲ့ အတွက် ပြောင်းပေးရမှာ” ဟု ၎င်းက ဆိုသည်။
ယင်းနေရာတွင် နေထိုင်သူများကို လက်ရှိနေရာမှ ဖယ်ရှားခိုင်းပြီး တောင်ဒဂုံ ၁၄၀ ရပ်ကွက်တွင် တည်ဆောက်ထားသော သွပ်မိုး ထရံကာ ၈ ပေပတ်လည် ၁၂ ခန်းတွဲပါ အိမ် ၈ လုံး၊ စုစုပေါင်းအခန်း ၉၆ ခန်းတွင် ပြောင်းရွှေ့ နေထိုင်စေကြောင်း
သိရသည်။
လက်ရှိ ဝါးတံတားတဲများ၌ အိမ်ထောင်စု ၁၈၀ ကျော်၊ လူဦးရေ ၈၅၀ ကျော်ရှိပြီး ပြန်လည် နေရာချထားပေးသည့် တောင်ဒဂုံ ၁၄၀ ရပ်ကွက်ရှိ အိမ်များသည် အလွန်ကျဉ်းမြောင်းကာ အခန်း ၉၆ ခန်းသာရှိသဖြင့် အိမ်နှင့်လူ အရေအတွက် မမျှတသဖြင့် ဝါးတံတားတွင် နေထိုင်သူများက ပြောင်းရွှေ့ခိုင်းမှုကို ငြင်းဆန်နေကြကြောင်း အဆိုပါနေရာတွင် တံမြက်စည်း လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောသည်။
“သူတို့ ပြန်ချပေးတဲ့ နေရာလေးက ကျမတို့ ပြောင်းဖို့အတွက် အဆင်ပြေရင် အခုတောင် ပြောင်းပေးမှာပါ” ဟု ၎င်းက ဆိုသည်။
ဝါးတံတားတဲတွင် နေထိုင်သူများကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြောကြားခဲ့ပြီး ယနေ့နံနက်တွင် ပြောင်းရွှေ့ရန် ကားများ ရပ်ကွက်အနီး၌ လာရောက် ရပ်ထားသော်လည်း မည်သူမှ မပြောင်းပေးကြောင်း
အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။
အဆိုပါ ဝါးတံတားတဲများတွင် ၁၉၉၆ ခုနှစ်မှ စတင်ပြီး တံမြက်စည်း လုပ်ငန်းရှင် ၉ ဦးသည် တောင်ဥက္ကလာပ စည်ပင်သာယာရေး ဌာနသို့ အခွန်ပေးေဆောင်ကာ နေထိုင်ခဲ့ရာမှ လူဦးရေ တဖြည်းဖြည်း များလာခြင်း ဖြစ်သည်။
“ဒီရပ်ကွက်မှာနေတဲ့ လူတွေက လက်လုပ်လက်စား တွေပါ။ ကိုယ့်ဘာသာ အိမ်ငှားပြီး နေနိုင်သူမရှိပါဘူး။ မိသားစု တစု နေထိုင်နိုင်တဲ့ လူနေအိမ်ပေးရင် ချက်ချင်းပြောင်းပေးမှာပါ” ဟု ဝါးတံတားတဲတွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့သူ တဦးက ဆိုသည်။