အစိုးရတပ်နှင့် မူးယစ်ရာဇာ နော်ခမ်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းအတွင်း ရွှေတြိဂံ ဒေသအနီး၌ တိုက်ပွဲ ၂ ကြိမ် ဖြစ် ပွားခဲ့ရာ နှစ်ဘက်အကျအဆုံး ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံဒေသအနီး တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းကိုး ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်နှင့် ၉ရက်နေ့တွင် ကင်းလှည့်နေသော တာလေမြို့အခြေအစိုက် အစိုးရ တပ်ဖွဲ့ဝင်များကို နော်ခမ်း၏ တပ်ဖွဲ့ဝင် တချို့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။
“နော်ခမ်းက ပြောတာက ကျနော့် လူတွေလည်း လနဲ့ ချီပြီးတော့မှ ဒီအတိုင်း အလကားနေရတယ်၊ ဒါကြောင့်မို့ သူတို့ကို ကွင်းဆင်း ပြီးတော့ စစ်လေ့ကျင့်ရေး လုပ်ခိုင်းနေတယ်လို့ အဲဒီလိုမျိုး ပြောတယ်”ဟု နော်ခမ်းအဖွဲ့နှင့် နီးစပ်သူတဦးကို ကိုးကား၍ ဦးခွန်စိုင်းက ပြောဆိုသည်။
ယင်းဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လတ်တလော အကျအဆုံး စာရင်းကို အတိအကျ မသိရသေးသော်လည်း နှစ်ဘက် အကျ အဆုံး ရှိကြောင်းလည်း ဆိုသည်။
ယင်း တိုက်ခိုက်မှုသည် ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ယာယီ ရပ်ဆိုင်း ထားသော တရုတ် ကုန်တင်သင်္ဘောများကို တရုတ် အာဏာပိုင်များက ပြန်လည် သွားလာခွင့်ပြုမည့် ဒီဇင်ဘာလ ၁၀ရက်နေ့ မတိုင်ခင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြစ်ခေါင်မြစ် လုံခြုံရေးအတွက် တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံ အပါအဝင် ကင်းလှည့်သည့် အစီအစဉ်ကို စနေနေ့က စတင် ခဲ့ပြီး တရုတ် ကုန်သင်္ဘောများ တရုတ်နိုင်ငံ ယူနန်မြို့ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန်မြို့အထိ ကုန်ပစ္စည်းများ အပြန် အလှန်သယ်ယူ ပို့ဆောင်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ တရုတ် ကုန်တင်သဘောၤ၂ စီး အမည်မသိ လက်နက်ကိုင် တစု၏ တိုက်ခိုက်မှုကို ခံရပြီးနောက် မဲခေါင်မြစ်တွင် သွားလာနေသော ကုန်တင်သင်္ဘောများကို တရုတ် အာဏာ ပိုင်များက ရပ်ဆိုင်းထားခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို မြန်မာနှင့် ထိုင်းအာဏာပိုင်များက နော်ခမ်း၏ လက်ချက်ဖြစ်ကြောင်း အစောပိုင်းတွင် စွပ်စွဲမှုများ ရှိခဲ့သည်။
ထိုင်းနိုင်ငံအနေနှင့် တရုတ်နိုင်ငံသို့ ကြက်သား၊ သကြား၊ ဆီ၊ ကားတို့ တင်ပို့ပြီး တရုတ်နိုင်ငံဘက်က ပန်းသီး၊ လိမ္မော်သီး၊ စပြစ်သီး စသည့် သစ်သီးဝလံများကို ထိုင်းနိုင်ငံသို့ ပြန်လည် တင်သွင်းကြောင်း၊ ထိုင်းနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်း၏ တန်းဖိုမှာ တလတွင် ဘတ် သန်း ၈၆၀ ကျော်ရှိပြီး တရုတ်နိုင်ငံက ၆၉ သန်းခန့် ရှိကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။
နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ် သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံ နယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားတို့နှင့် ဖွဲ့စည်းထားကြောင်း သိရသည်။