မြန်မာ့နိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေ၊ နိုင်ငံအဆင့် ကပွဲသဘင်တွေ အများဆုံး ကျင်းပရာ ရန်ကုန်မြို့ရဲ့ တခုတည်းသောနိုင်ငံတကာအဆင့်မီ အမျိုးသားကဇာတ်ရုံကြီးကို ပုဂ္ဂလိက လက်ထဲ လွှဲအပ် ရောင်းချ တော့မယ်လို့ ကြားရပါတယ်။
ကြားရတဲ့ သတင်းတွေအရတော့ လက်ရှိ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပူးတွဲတာဝန် ယူထားတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက Forever ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော်လက်ထဲ လွှဲပြောင်းတော့မယ် ဆိုတာပါပဲ။
ဦးဝင်းမော် ဆိုတာကတော့ Forever Group ကုမ္ပဏီကို ထူထောင်သူတဦးဖြစ်ပြီး နအဖ လက်ထက်ကတည်းက ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတွေကို ပိုင်တဲ့သူလို့ သတင်းမွှေးပါတယ်။ IT နဲ့ ပတ်သက်တဲ့ အလုပ် တွေကို ဗိုလ်ချုပ်ကြီးခင်ညွန့် အထိန်းသိမ်းခံရပြီးနောက်ပိုင်း နိုင်ငံအဆင့် လုပ်ခွင့်အရဆုံး ကုမ္ပဏီဖြစ်တဲ့ Forever ဟာ လက်ရှိ MRTV4 အပါအဝင် မန္တလေး FM စတဲ့ ရေဒီယို၊ ရုပ်သံလုပ်ငန်း တချို့ကို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် ရေခဲဆိုင်က ပန်တျာကျောင်းလို့ လူသိများတဲ့ ပန်းချီ၊ ပန်းပု အနုပညာကျောင်းမှာပါ သူ့ရဲ့ Forever သင်တန်းတွေ ဖွင့်ခွင့်ရထားတာပါ။ ယဉ်ကျေးမှု တက္ကသိုလ်မှာလည်း ဗီဒီယို တည်းဖြတ်ရေး သင်တန်းတွေ ပေးခွင့်လည်း ရထားပါသေးတယ်။
အခု အမျိုးသားဇာတ်ရုံကြီးကို Forever လက်ထဲ လွှဲပေးပြီး ပုဂ္ဂလိက အနေနဲ့ ပြန်လုပ်စားတော့မယ်ဆိုတော့ ဝန်ကြီး ဦးကျော်ဆန်းလည်း ရှယ်ယာပါနိုင်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝန်းက ပြောနေကြပါတယ်။ ကဇာတ်ရုံအဖြစ်ပဲ ပြန်ငှားစား မလား၊ ဒါမှမဟုတ် အရင်က မန္တလေး အမျိုးသားကဇာတ်ရုံ သတင်းတွေလို ဟိုတယ်ပဲ ဖွင့်စားမလား ဆိုတာတော့ အတိအကျ မပြောတတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီက ဦးဝင်းမော်ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် ဖြေကြားခြင်းမပြုပါ။
အမျိုးသားကဇာတ်ရုံကြီးကို ၁၉၈၅ ခုနှစ်က စဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ဆောက်လုပ် ပေးခဲ့တာပါ။
အရင်က အမျိုးသားဇာတ်ရုံနေရာမှာ လေဟာပြင်ဇာတ်ရုံအနေနဲ့ ကပြဖျော်ဖြေဖို့ ဇာတ်စင်ပဲရှိပြီး ပွဲကြည့် ပရိသတ်တွေက အမိုးအကာ ဘာမှ မရှိတဲ့လေဟာပြင်ထဲမှာ ကြည့်ရှုကြရတဲ့အတွက် ရန်ကုန် လေဟာပြင်ဇာတ်ရုံဆိုပြီး ခေါ်ဝေါ်ခဲ့ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ဒီအဆောက်အအုံကြီးဟာ ယဉ်ကျေးမှုဝန်ကြီးတွေ တယောက်ပြီး တယောက် ပြောင်းလဲသွားပေမယ့် အခုထက်ထိ နိုင်ငံအဆင့် အနုပညာကပွဲသဘင် မှန်သမျှနဲ့ နိုင်ငံတကာက ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အဖြစ်လာရောက် ဖျော်ဖြေတဲ့ ပွဲတွေကို ဒီဇာတ်ရုံကြီးမှာပဲ မပြောင်းမလဲ တင်ဆက်ကပြနေခဲ့ကြရတာပါ။
အခု ဦးကျော်ဆန်း ယဉ်ကျေးမှုဝန်ကြီး တာဝန်တွဲယူတော့မှပဲ နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံကြီး တဇာတ် သိမ်းတော့ မလားလို့ စိုးရိမ်သူတွေက စိုးရိမ်နေကြပါပြီ၊ ပြည်သူပိုင် ဇာတ်ရုံကြီးကို ဒီလို တဦးတည်းကို လွှဲခွင့်ရှိသလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါပြီ။
အမျိုးသား ဇာတ်ရုံရှိတာဟာ မြန်မာ့ဇာတ်သဘင်၊ မြန်မာအငြိမ့်သဘင်၊ စသဖြင့် မြန်မာ့မှုနဲ့ ပတ်သက်တဲ့ အခင်းအကျင်း တွေအတွက် အားကိုးအားထားပြုစရာ ကောက်ရိုးတမျှင် ဖြစ်တယ်၊ မြန်မာ့ဇာတ်သဘင်နဲ့ မြန်မာအငြိမ့်သဘင်တွေ ကျဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာလည်း ဒီလို အဆင့်အတန်းမြင့်မြင့် ဇာတ်ရုံကြီးတွေ မရှိရခြင်းနဲ့ အများကြီးသက်ဆိုင်တယ်လို့ အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။
“ကျနော်တို့ခေတ်က ကတ္တရာလမ်းပေါ် ဖိနပ်ခုထိုင်ပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေ ကြည့်ခဲ့ရတယ်။ ဒါပေမယ့် နောင်လာ နောက်သားတွေရဲ့ခေတ်မှာ ဇာတ်သဘင်ကို ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှုနဲ့ အတူ လမ်းဘေးမှာ ဒီလို သူတို့ မကြည့် နိုင်တော့ဘူး။ နောက်ပြီး လုံခြုံမှုမရှိ၊ ကိုယ့်ကျန်းမာရေး အပေါ့အလေးကိစ္စကအစ လမ်းဘေးမှာ သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီလို ပွဲသဘင်တွေကို ရှောင်ရှားလာကြတယ်။ အဲဒီတော့ အခုလို လေအေးစက်နဲ့၊ ဆိုဖာနဲ့ အဆင့်မြင့်တဲ့ ဇာတ်ရုံကြီးတွေဟာ အများကြီးလိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
၁၉၈၀ ကျော်ဝန်းကျင်လောက်မှာသာ မြန်မာနိုင်ငံက တိုင်းမြို့ကြီးတွေမှာ အဲဒီလို ဇာတ်ရုံကြီးတွေသာ ရှိခဲ့မယ်ဆိုရင် မြန်မာ့ဇာတ်သဘင် အဆင့်အတန်းက အခုလောက်ထိ နိမ့်ကျသွားမှာမဟုတ်ဘူး၊ နောက်ပြီးတော့ ၁၉၈၈ နောက်ပိုင်း ဇာတ်သဘင်၊ အငြိမ့်သဘင် တွေကို ပြုလုပ်ခွင့် ပိတ်ပင်လိုက်ခြင်းကလည်း မြန်မာ့ဇာတ်သဘင် လောကကို ရိုက်ချိုးသလို ဖြစ်ခဲရတယ် ဆိုတဲ့အကြောင်း စာရေးဆရာ ဆူးငှက်က ဆက်ပြောပါတယ်။
“အရင်က နှစ်စဉ်ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေကို ဒီဇာတ်ရုံကြီးမှာ လုပ်နေရာကနေ တခါ နေပြည်တော် ပြောင်းလိုက်တော့ အမျိုးသားဇာတ်ရုံကြီးရဲ့ အခန်းကဏ္ဍ ပျောက်ခဲ့ရတယ်။ အခု ဒီဇာတ်ရုံကြီးကို ပုဂ္ဂလိကကို ပြန်ရောင်းတော့မယ် ဆိုတော့ မြန်မာ့ဇာတ်သဘင်၊ အငြိမ့်သဘင်နဲ့ မြန်မာမှုတွေရဲ့ ခိုးကိုးရာပါ ပျောက်တော့မယ်။ စုံးစုံးမြုပ်ဖို့ပဲ ရှိတော့တာပေါ့။ ဒါကို သူတို့ ဘာလုပ်ပေးနိုင်မှာလဲ” ဟု ဆူးငှက်က ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ် နီးပါးလောက်ကလည်း မန္တလေးမြို့က အမျိုးသား ကဇာတ်ရုံကြီးကို ပုဂ္ဂလိကလက်ထဲ ထည့်ပြီး ဟိုတယ်အဖြစ် ပြောင်းလဲ ပြုလုပ်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။