လျှပ်စစ်ဓာတ်အား သုံးစွဲခများကို လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။

အိမ်သုံး လျှပ်စစ်မီတာများအတွက် တယူနစ်လျှင် ၂၅ ကျပ်မှ ၅၀ ကျပ်သို့၊ စီးပွားရေးသုံး လျှပ်စစ်မီတာများအတွက် ၅၀ ကျပ်မှ ၁၀၀ ကျပ်သို့ တိုးမြှင့် ကောက်ခံသွားမည်ဟု သိရသည်။
“တနှစ်မှာ မြန်မာကျပ်ငွေ ဘီလီယံ ၂၆၀ လောက် အရှုံးပြနေပါတယ်။ လျှပ်စစ်တယူနစ်အတွက် ကျပ် ၃၀ လောက် အရှုံးပြပါတယ်။ ဒီနှစ်မှာ ဘီလီယံ ၂၅၀ လောက်ရှုံးမယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။
လျှပ်စစ်ထုတ်လုပ်မှုစရိတ် ပျမ်းမျှကုန်ကျမှုမှာ တယူနစ်လျှင် ၇၂ ကျပ်ခန့်ရှိသော်လည်း အိမ်သုံး ၂၅ ကျပ်၊ စီးပွားရေးသုံး ၅၀ ကျပ် ဖြင့် ဖြန့်ဖြူးနေရသဖြင့် အရှုံးပြကာ လျှပ်စစ်ကဏ္ဍအတွက် ထပ်မံတိုးချဲ့ရင်းနှီးမြှုပ်နှံမှု မပြုနိုင်သောကြောင့် လျှပ်စစ်မီးမပေးနိုင်သည့် ဒေသများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးအောင်သန်းဦးက “လျှပ်စစ်တယူနစ်ဖြန့်တိုင်း ပျမ်းမျှ ၃၀ ကျပ်လောက် ရှုံးပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ မြို့ပေါင်း ၄၀၀ ခန့်အနက် မြို့ပေါင်း ၂၂၀၊ ကျေးရွာပေါင်း ၆၄၀၀၀ အနက် ၇၀၀၀ ခန့်၊ အိမ်ထောင်စုဦးရေ၏ ၂၆ ရာခိုင်နှုန်း၊ လူဦးရေ ၂၃ သန်းကျော်သာ မီးပေးနိုင်သေးကြောင်း သိရသည်။
“မီတာခ တိုးကောက်ခြင်းအားဖြင့် အဲဒီက ရလာတဲ့ငွေနဲ့ မီးမရသေးတဲ့ နေရာတွေကို မီးပေးနိုင်ဖို့ လုပ်ပေးနိုင်မှာပါ” ဟု ဦးအောင်သန်းဦးက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “မီတာခ တိုးကောက်လို့ လျှပ်စစ်မီးလည်း မှန်မှန်ရမယ်ဆို ကောင်းပါတယ်။ မီတာခတိုးပြီး မီးကမမှန်၊ မီးအားက မငြိမ်ဆိုရင် အလကားပဲလေ” ဟု ဆိုသည်။
လက်ရှိအစိုးရ၏မူဝါဒအရ ဌာဆိုင်ရာများအနေဖြင့် မိမိတို့ဝင်ငွေနှင့် ထွက်ငွေ ကာမိစေရေး လုပ်ဆောင်ရန် ညွှန်ကြားထားပြီးနောက်ပိုင်း ဤသို့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် ကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ် ဧပြီလအတွင်းကလည်း မီတာထိန်းသိမ်း စောင့်ရှောက်ခကို ကျပ် ၅၀၀ မှ ၁၀၀၀၊ ဒဏ်ကြေးငွေများကို တလလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ သို့ လည်းကောင်း၊ နှစ်လလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ သို့လည်းကောင်း၊ သုံးလလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ သို့ လည်းကောင်း တိုးမြှင့် သတ်မှတ်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် တနှစ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ မှ ၁၇၀၀ ကြား သုံးစွဲလျက်ရှိပြီး ယင်းပမာဏ၏ ထက်ဝက်ကို ရန်ကုန်မြို့တွင် သုံးစွဲကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလထုတ် အစိုးရသတင်းစာများ၌ မြန်မာနိုင်ငံတွင် လက်ရှိ ဓာတ်အားပေးစက်ရုံ ၃၂ ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၄၅ ကျော် ထုတ်လုပ်နေကြောင်း၊ တည်ဆောက်ဆဲ စီမံကိန်းများမှ ပေါ်ပေါက်လာမည့် ဓာတ်အားပေးစက်ရုံ ၆၁ ရုံ၊ ဆက်လက်တည်ဆောက်မည့် စီမံကိန်းများမှ ပေါ်ပေါက်လာမည့် ဓာတ်အားပေးစက်ရုံ ၁ ရုံ ရှိကြောင်း ဖော်ပြထားသည်။