သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တိဘက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ကို မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်နိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

“ဒီကိစ္စ တဆင့်ပြီး တဆင့် ဘုန်းကြီး စီစဉ်သွားမှာပါ”ဟု ဒေါက်တာ အရှင်ဉာဏိဿရက The Wall Street Journal သို့ ယမန်နေ့က ပြောကြားသည်။
ဆရာတော် အရှင် ဉာဏိဿရသည် ဒလိုင်းလားမားကို လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ရွှေတိဂုံ ဘုရားကို ဖူးမြော်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒလိုင်းလားမားကို ဖိတ်ခေါ်ရေးအတွက် ခွင့်ပြုချက် ရရန် မြန်မာအစိုးရထံ ချဉ်းကပ်ဆောင်ရွက်နေကြောင်းလည်း ဆရာတော်က ဆက်လက် ပြောကြားသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော်လိုသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ရွှေကျင် သာသနာပိုင် ဝါဆို ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့သည်။
ထိုစဉ်က ဝါဆိုဆရာတော်ကြီးက ပြန်လည်၍“ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမြော်ဖို့ သင့်လျော်သည့် အခါ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်လှည့်ပါ”ဟု မိန့်ကြားခဲ့သည်။
တိဘက်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှု အကြောင်းပြချက်ဖြင့် ဒလိုင်းလားမား၏ ပြည်ပခရီးစဉ်များ အပေါ် တရုတ်အစိုးရက အစဉ်တစိုက် ဖိအားပေး ပိတ်ပင်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် ပြည်ဝင်ခွင့် ဗီဇာရရေး အတွက် အခွင့် အလမ်း နည်းပါးကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်ကိုလည်း The Wall Street Journal တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့် အောက်တိုဘာလကလည်း တရုတ်နိုင်ငံက ၎င်းနှင့် ကုန်သွယ်မူ ဆက်ဆံရေးနီးနီးကပ်ကပ်ရှိနေသည့် တောင် အာဖရိက နိုင်ငံအား ဒလိုင်းလားမား၏ ဗီဇာတောင်းခံမူကို လက်မခံရန် ဖိအားပေးခဲ့သည့်အတွက် ဒလိုင်းလားမားကို ဗီဇာငြင်း ဆိုခဲ့သည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အပါအဝင် သံတမန်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မြန်မာနိုင်ငံသည်လည်း တရုတ် အစိုးရနှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ကြောင်း လေ့လာသူများက ထောက်ပြထားသည်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာခေါင်းဆောင်အားလုံးကို မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင် တဦးအနေနဲ့ ဖိတ်ခေါ်ပိုင်ခွင့်ရှိတယ်။ ဘုန်းကြီးလည်း ဆရာတော် ဒလိုင်းလားမားကို ဖိတ်ခေါ်မယ်”ဟု အရှင် ဉာဏိဿရက ယင်းဂျာနယ်ကို ပြောသည်။
၂၀၀၄ ခုနှစ်က ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံတခုကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့စဉ် ဆရာတော် အရှင် ဉာဏိဿရ က တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားကို မြန်မာအစိုးရက တက်ရောက်ခွင့်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
သမ္မတ အကြံပေးတဦးဖြစ်သူ ဦးကိုကိုလှိုင်က ဒလိုင်းလားမား မြန်မာနိုင်ငံသို့ အလည်လာရေးအပေါ် မြန်မာအစိုးရအနေဖြင့် မည်ကဲ့သို့ သဘောထားမည်ကို မသိကြောင်း၊ အခွင့်အလမ်းနည်းသည်ဟု သူ့တဦးတည်းအနေဖြင့်ထင်မြင်ကြောင်း တရုတ် အစိုးရကလည်း အထိအခိုက်မခံကြောင်း၊ ဘာသာရေးအနေဖြင့် ပြဿနာမရှိသော်လည်း နိုင်ငံရေး ရှုထောင့်မှ အငြင်းပွားဖွယ် ရာများ ရှိကြောင်း သမ္မတ အကြံပေးတဦးအနေနှင့်မဟုတ်ဘဲ မှတ်ချက်ပေးထားသည်ကို The Wall Street Journal တွင်ဖော် ပြခဲ့သည်။
“ဘုန်းကြီးက မြန်မာအစိုးရနဲ့ပဲ စကားပြောမယ်။ တရုတ်အစိုးရနဲ့ ဘုန်းကြီးအနေနဲ့ ပြောစရာ မလိုဘူး။ မြန်မာအစိုးရက ဒီကိစ္စ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် ကြာသွားမယ်”ဟုလည်း အရှင်ဉာဏိဿရက ပြောဆိုထားသည်။
၁၉၉၃ ခုနှစ်တွင် ဒလိုင်းလားမား အပါအဝင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များသည် ထိုင်းနိုင်ငံသို့လာရောက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသည်။
ထိုစဉ်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအစိုးရက ဒလိုင်းလားမားကို ထိုင်းနိုင်ငံတွင် ၂၄ နာရီသာ နေထိုင်ခွင့် ဗီဇာပေးခဲ့သည်။
၁၉၈၉ ခုနှစ်က ဒလိုင်းလားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပသည့် နော်ဝေးနိုင်ငံနှင့် ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။