ကချင်ပြည်နယ်အတွင်း စစ်ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များနှင့် ရင်ဆိုင်နေရကြောင်းမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ယနေ့ ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။
“အထူးသဖြင့် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရရှိကြပြီး သက်ကြီးပိုင်းတွင်လည်း မိမိကိုယ်ကို မိမိယုံကြည်မှုလျော့ နည်းလာပြီး စိတ်လုံခြုံမှု မရှိသည့် ခံစားချက်များ ရှိနေကြသည်”ဟု ထုတ်ပြန်ချက်တွင် ရေသား ထားသည်။
အိမ်ထောင်စုများ အတူရောပြွမ်း နေထိုင်ရသဖြင့် အထူးသဖြင့် ကလေးငယ်ရှိသော မိသားစုများ အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်းလည်း ၎င်းအဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ် ၄ ဦးတို့က မြစ်ကြီးနား၊ ဝိုင်း မော်၊ ဗန်းမော်မြို့နယ်များရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်ခဲ့ ကြောင်း သိရသည်။
ကချင် ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ယာယီ ဒုက္ခသည် စခန်း ၅၉ ခု၌ လူ ၁၄၁၁၃ ဦး ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် စောင့်ရှောက်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို အောင်မြင်ပြီးမြောက်သည်အထိ အကောင်အထည်ဖော်ရန် အကြံပြု တိုက်တွန်းချက်များနှင့် သမ္မတ ဦးသိန်းစိန်၏ အစိုးရတပ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) တပ်စခန်းများ ကို မတိုက်ခိုက်ရန် ညွှန်ကြားချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အားတိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ ထပ်မံ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားကြောင်း သိရသည်။
ထိုအကြောင်းကြားစာနှင့် ပတ်သက်၍ KIA ဘက်မှ အတိအကျမသိသေးဟု ပြောဆိုသည်။
လတ်တလောကာလအတွင်း KIA တပ်ဖွဲ့ နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကချင် စစ်ပြေး ဒုက္ခ သည်များ ကူညီကယ်ဆယ် ရေး အဖွဲ့မှ တာဝန်ခံ ကိုလာရစ်က ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ တပ်မဟာ ၃ KIA ထိန်းချုပ်ဒေသတွင် အစိုးရတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ ယင်း တိုက်ပွဲတွင် အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံပြုကြောင်းလည်း ကိုလာရစ်က ဆက်ပြောသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တဝိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာ ယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ ဒုက္ခသည်များကို ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက် (UNICEF)၊ နိုင်ငံ တကာ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအကူ အညီပေးရေး အဖွဲ့ ကွပ်ကဲမှုရုံး(UNOCHA)တို့က ယခုရက်ပိုင်းအတွင်း အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ ပေးခဲ့သည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။