တရုတ်ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်သည် လာမည့် သီတင်းပတ်တွင် ကျင်းပမည့် မဲခေါင်ဒေသ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်မည်ဟု Reuters သတင်းတပုဒ်တွင် အင်္ဂါနေ့က ရေးသားထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည်ခရီးစဉ် အပြီး တလမကြာမီ တရုတ် ဝန်ကြီးချုပ် လာရောက်မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရသစ် ပေါ်ပေါက်ပြီးနောက် မြန်မာပြည်သို့ လာရောက်မည့် ရာထူးအဆင့်အမြင့်ဆုံး တရုတ်ခေါင်းဆောင် ဖြစ်လာသည်။
လာမည့်တပတ် နီပေါနိုင်ငံသို့ သွားရောက်မည့် သူ၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ယမန်နေ့က နီပေါနိုင်ငံမှလာသော သတင်းများတွင် ဖော်ပြထားသည်။
တရုတ်ဝန်ကြီးချုပ် တက်ရောက်မည့် မဲခေါင်ဒေသဆိုင်ရာ အစည်းအဝေးအား နေပြည်တော်၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ နိုင်ငံများ ဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား တို့မှ အစိုးရ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် နှစ်၊ နှစ်ဆန်းပိုင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ယခင် စစ်အစိုးရနှင့် စီပွားရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ အထိရှိပြီး ၂၀၁၀ နှစ်လယ်ပိုင်းတွင် ၄ ဒသမ ၄ ဘီလီယံအထိ မြှင့်တင်နိုင်ခဲ့ကြောင်း Reuters သတင်းက ဆိုသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတို့ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည်။
မြစ်ဆုံ ရေကာတာ စီမံကိန်းအား ဆိုင်းငံ့ထားရန် မြန်မာသမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက် မကြာသေးမီက ထွက်ပေါ်လာစဉ် တရုတ်နိုင်ငံခြားရေးဌာနက ၎င်းတို့၏ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုစီမံကိန်း ဆိုင်းငံ့ခြင်း၊ မြန်မာပြည်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦး ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ်ရောက်လာခြင်းတို့သည် တရုတ်အတွက် စိုးရိမ်ဖွယ်ရာများဖြစ်သည်ဟု အကဲခတ်တချို့က ယူဆနေကြသည်။
အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်လာခြင်းကို တရုတ်နိုင်ငံအတွက် ခြိမ်းခြောက်မှု တခုအဖြစ် မမြင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က သတင်းထောက်များအား ဘေကျင်းမြို့၌ ယမန်နေ့က ပြောဆိုခဲ့သည်။
ဤအတောအတွင်း မြန်မာနှင့်တရုတ် နှစ်ဘက် တွေ့ဆုံမှုများလည်း ပေါ်ပေါက်လာသည်။
မစ္စ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှှိုင်သည် တရုတ်နိုင်ငံသို့ တပတ်ကြာ ရောက်ရှိနေပြီး၊ တရုတ် ဒု-သမ္မတ၊ တရုတ် စစ်တပ်၏ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကာကွယ်ရေးဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးနေခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း တရုတ် သံအမတ်ကြီးနှင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခြင်းသည် မြန်မာနိုင်ငံ၏ အစဉ်အလာ မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ထိခိုက်စရာ အကြောင်းမရှိဟု ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာ-အမေရိကန် ပုံမှန် ဆက်ဆံရေး မစတင်မီကပင် နိုင်ငံတကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးပြီး အကြံဉာဏ်၊ အကူ အညီများ ပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်း ဦးရွှေမန်းက ဆိုသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ၁၉၈၈ အရေးအခင်းအား စစ်တပ်က အကြမ်းဖက် နှိပ်ကွပ် နှိမ်နင်းခဲ့သည့်အတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားကာ စီးပွားရေး ပိတ်ဆို့မှုများ ပေါ်ပေါက်လာခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာအစိုးရသည် တရုတ်နိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးအရ ပိုမိုရင်းနှီးစွာဆက်ဆံလာခဲ့သည်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှု ရုပ်သိမ်းပေးရန် မစ္စ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေး ဌာနက ကြေညာချက်ထုတ်၍ တောင်းဆိုပေးခဲ့သေးသည်။
တရုတ်နိုင်ငံသည် မဲခေါင်မြစ်အတွင်းသွားလာနေသော ၎င်း၏ ကုန်တင်သင်္ဘောများ၏ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအပါအဝင် မဲခေါင်ဒေသ နိုင်ငံတချို့နှင့် မကြာသေးမီက သဘောတူခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့တွင် မဲခေါင်မြစ်အတွင်း ကင်းလှည့်မည့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ ရေယာဉ်များ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင် ထွက်ခွာခြင်းဖြင့် ထိုအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်။