ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နယူးဒေလီတွင် ရောက်ရှိစဉ် မြန်မာပြည်အတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ရေးအတွက် ဖိအားပေးရန်အိန္ဒိယ လွှတ်တော် အမတ်များက အိန္ဒိယအစိုးရကို ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။
မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားသူများ ထိန်းသိမ်းခံနေရမှု၊ တိုင်းရင်းသား ဒေသ စစ်မက်ဖြစ်ပွားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်ခံရမှုများ ရှိနေကြောင်း IPFDB ခေါ် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်နေသော အိန္ဒိယလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမျိုးသား လူ့အခွင့်အရေး ကောင်မရှင်က စုံစမ်း စစ်ဆေးရန် တောင်းဆိုသင့်သည်” ဟု IPFDB ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
IPFDB ကို မြန်မာ့အရေး စိတ်ဝင်စားသော နိုင်ငံရေး ပါတီ ပေါင်းစုံမှ လွှတ်တော်အမတ် ၁၂ ဦးက ၂ဝဝ၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ လွှတ်တော်အမတ် ၂၀ ခန့်ဖြင့် ဆက်လက် လှုပ်ရှားနေသည်။
သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ ခရီးစဉ်အတွင်း အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ အိန္ဒိယ၏ နိုင်ငံရေး၊ စီးပွားရေးစနစ်များကို လေ့လာလျက်ရှိသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် မြန်မာပြည်အတွက် အကျိုးရှိမည်မဟုတ်ဟု အိန္ဒိယရောက် မြန်မာ့အရေး ဆောင်ရွက်သူများက ဝေဖန်နေကြသည်။
“လက်ရှိအစိုးရက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို အခြေခံထားတော့ အခုလို အိန္ဒိယလွှတ်တော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ စတာတွေကို လေ့လာသွားပေမယ့် ဒါတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တကယ်မှ အထောက်အကူဖြစ်ပါ့မလား ဆိုတာကိုတော့ ကျနော်တို့ သံသယရှိပါတယ်” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ခံရသည့် ဒေါက်တာတင့်ဆွေက အိန္ဒိယဝန်ကြီးချုပ် မာမိုဟမ်ဆင်းထံ ပေးပို့သောစာတွင် ရေးသားထားသည်။
မြန်မာအစိုးရအဖွဲ့အတွင်း အဂတိ လိုက်စားမှုများ ပပျောက်ရန် လုပ်ဆောင်သင့်ကြောင်း၊ အိန္ဒိယစစ်တပ်မှထွက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေသူ မစ္စတာ အန်နာဟာဇာရီ၏ ဆောင်ရွက်ချက်များကို အတုယူသင့်ကြောင်း သူက ထောက်ပြသည်။
အိန္ဒိယအစိုးရသည် မြန်မာအစိုးရနှင့် ရင်းနှီး နွေးထွေးစွာ ဆက်ဆံသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကို အလားတူ ဆက်ဆံပြီး အိန္ဒိယနိုင်ငံသို့ ဖိတ်ခေါ် ဆွေးနွေးသင့်သည် ဟူ၍လည်း တိုက်တွန်းထားသည်။
သူရဦးရွှေမန်း၏ အိန္ဒိယ ခရီးစဉ်အတွင်း လေ့လာသိရှိခဲ့သည်များကို မိမိတိုင်းပြည် အတွက် အမှန်တကယ် ပြန်လည် အသုံးချမှသာ နိုင်ငံအတွက် အကျိုးရှိမည် ဟု အိန္ဒိယရောက် မြန်မာ့အရေး ဆောင်ရွက်သူတချို့က ပြောသည်။
“ကိုယ့်ရဲ့ အတိုက်အခံကိုလည်း ကိုယ်လိုပဲ တန်းတူအခွင့်အရေး ပေးပြီးတော့ လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ပြီး တက်လာမှသာလျှင် ဂုဏ်သိက္ခာရှိတဲ့ ပါလီမန်ဖြစ်မယ်” ဟု ပြည်ပအခြေစိုက် ဗမာနိုင်ငံ အလုပ်သမားများ အဖွဲ့ချုပ် (FTUB) မှ တွဲဘက်အတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။