အစိုးရနှင့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းတို့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန်က ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ ပြည်ထောင်စုအဆင့် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နီးစပ်သူများက ပြောသည်။
တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသား အုပ်စု ၅ ခုနှင့် တွေ့ဆုံစဉ် စစ်ထောက်လှမ်းရေး အရာရှိဟောင်းနှင့် ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်သဖွယ် ဦးဆောင်ဆွေးနွေးသွားကြောင်း သိရသည်။ အဖွဲ့ ၅ ဖွဲ့မှာ SSA တောင်ပိုင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြစ်သည်။
ယခုလ အစောပိုင်းကတည်းက အစိုးရသည် SSA တောင်ပိုင်းနှင့် တောင်ကြီးမြို့၌ တွေ့ဆုံပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
သတင်းရင်းမြစ်များအရ ပြည်ထောင်စုအဆင့်ဆွေးနွေးရေးအဖွဲ့တွင် ဦးအောင်မင်းအပြင်၊ စက်မှုဝန်ကြီး ဦးစိုးသိန်း (ဒု ဗိုလ်ချုပ်ကြီးဟောင်း-ရေ)၊ သမဝါယမဝန်ကြီး ဦးအုန်းမြင့် (ဒု ဗိုလ်ချုပ်ကြီးဟောင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ (ဗိုလ်မှူးချုပ်ဟောင်း)၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုး၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး (ဗိုလ်မှူးချုပ်ဟောင်း)၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူကြီး ကျော်စိုးဝင်းတို့ ပါဝင်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့်အဖွဲ့ကို ယခုအဖွဲ့စည်းလိုက်သည့် အဖွဲ့ဖြင့် အစားထိုးမည်လော၊ နှစ်ဖွဲ့စလုံး ဆက်လက်ထားရှိမည်လော ဆိုသည်ကိုမှု ကွဲပြားစွာ မသိရသေးပေ။
ကရင်ပြည်နယ် ကလိုထူးဖောဒေသတွင် ဒီဇင်ဘာ ၁၃ ရက်နေ့က ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၅) နှင့် အပစ်ရပ်ရေး သဘောတူညီမှု ရခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက “နေပြည်တော်မှာ သူတို့အချင်းချင်း အပြိုင်ဖြစ်လာနိုင်ပါတယ်။ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲရေး အောင်မြင်အောင် မဆောင်ရွက်နိုင်လို့ ဦးအောင်သောင်းကို အပြစ်တင်နေတဲ့ ဝန်ကြီးတွေ ရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ်များကမူ သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မည်သည့်သင့်လျော်သည့် အဖွဲ့ကိုမဆို ရည်မှန်းချက်အောင်မြင်အောင် အထူးတာဝန်များ ချပေးဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။
ရန်ကုန်မြို့မှ သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက “ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခု အဖွဲ့နှစ်ခုက ဆောင်ရွက်နေပြီပေါ့။ တဖွဲ့က ဦးအောင်သောင်း ခေါင်းဆောင်တာ၊ တဖွဲ့က ဦးအောင်မင်း ခေါင်းဆောင်တာ” ဟု ပြောသည်။
ထို့ကြောင့် ဦးအောင်သောင်း၏ ဥပဒေပြုအဖွဲ့ကို ကိုယ်စားပြုသော အဖွဲ့နှင့် ဦးအောင်မင်း၏ စီမံအုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားပြုသော အဖွဲ့ဟူ၍ နှစ်ဖွဲ့ အပြိုင်ဖြစ်လာနိုင်ကြောင်း၊ ပါလီမန်ကိုယ်စားပြု ကော်မတီနှင့် အစိုးရကိုယ်စားပြု ကော်မတီတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့ကို ဖျက်သိမ်းလိမ့်မည်ဟု ၎င်း၏ သတင်းရင်းမြစ်များမှကြားသိရကြောင်း ပြောသည်။