မဟာမဲခေါင် ဒေသတွင်း ဆွေးနွေးပွဲ တက်ရောက်မည့် ထိုင်းအစိုးရ အဖွဲ့ဝင်များသည် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များကို မြန်မာနှင့် သီးခြားဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။
ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပမည့် မဲခေါင်ဆွေးနွေးပွဲ ခရီးစဉ်သို့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပေါင်နှင့် စွမ်းအင် ဝန်ကြီး ပီချိုင်းတို့လည်း လိုက်ပါမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ဆူရာပေါင်နှင့် မစ္စတာ ပီချိုင်းတို့သည် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စများကို မဲခေါင်ဆွေးနွေးပွဲပြင်ပတွင် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များနှင့် သီးခြားဆွေးနွေးသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စွမ်းအင်လိုအပ်ချက်များရှိနေပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို လျှပ်စစ်စွမ်းအင်အတွက် တင်သွင်းနေရသည်။ ထိုင်း-မြန်မာနယ်စပ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ ပူးပေါင်းလုပ်နိုင်ရေး ညှိနှိုင်းသွားမည်ဟုလည်း အဆိုပါ သတင်းစာတွင်ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း အထူးစီးပွားရေး ဇုန်ဖြစ်သော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွင်လည်း အီတလီ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကြီးက ဦးဆောင် တာဝန်ယူဆောက်လုပ်နေသည်။
တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သော မဟာမဲခေါင် ၆ နိုင်ငံ၏ ဖွံ့ဖြိုးမူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထောက်ပံ့ကူညီထားသည်။ မဲခေါင် နိုင်ငံများသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ပြည်ပ ဧည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေးတို့တွင် ပူးပေါင်းဆောင်ရွက်နေကြသည်။
ဒေသတွင်း တနိုင်ငံနှင့်တနိုင်ငံ ခရီးသွားလာ လွယ်ကူစေရန် ကုန်းလမ်းဖောက်လုပ်ရေး လုပ်ငန်းများလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြသည်။
အန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် ဒေသတို့အတွက် အရှေ့-အနောက် စီးပွားရေးဇုန်ကြီး ပိုမိုအားကောင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သို့ပါ ဒေသတွင်း ချိတ်ဆက်မှုများကို ပိုမိုချဲ့ထွင်လာလျက်ရှိသည်။
နေပြည်တော်တွင် ကျင်းပမည့် ထိပ်သီး ဆွေးနွေးပွဲတွင် ၆ နိုင်ငံခေါင်းဆောင်များအနေဖြင့် ဒေသတွင်း ကိစ္စများအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း၊ အဆိုပါ နားလည်မူ စာချွန်လွှာ သဘောတူမှုများတွင် ဒေသတွင်း HIV/AIDS ရောဂါဖြစ်ပွားမှု လျှော့ချရေးလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်ဆွေးနွေးပွဲကျင်းပမည့် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်စင်တာတွင် ယခုအချိန်မှစ၍ လုံခြုံရေး အထူးတင်းကြပ် ထားကြောင်း ဒေသခံများက ပြောသည်။
“ထုံးစံအတိုင်း ဧည့်စာရင်းစစ်တယ်။ နေပြည်တော်က အဓိက လမ်းတွေပေါ်မှာ ရဲအစောင့်တွေချထားတယ်” ဟု ပျဉ်းမနားဒေသခံတဦးက ပြောသည်။
ဘောဂသီရိကားဝင်းသို့ ည ၉ နာရီကျော်တွင် ဝင်ရောက်သည့် မည်သည့်ခရီးသည်မဆို အဝင်ဂိတ်များတွင် မှတ်ပုံတင်နံပါတ်နှင့် သွားမည့်နေရာ၊ နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့က တောင်ယူကြောင်း၊ ညပိုင်းဝင်ရောက်လာသည့် အဝေးပြေးကားများကိုလည်း ဂိတ်မှ မိုင်းရှာကိရိယာများဖြင့် ရှာဖွေကြောင်း သိရသည်။