ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟအား သံဃာ အဖွဲ့အစည်း၏အဆုံးအမကို မနာခံသူဟု နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆုံးဖြတ်ကြောင်းနှင့် လူဝတ်လဲရန်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ ထိုဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ရွှေညဝါ နာယက ဆရာတော်ကြီးများက ဦးဆောင်၍ လက်မှတ်ထိုး တင်ပြမည်ဟု သိရှိရသည်။
“သာဓုကျောင်းတိုက်က ရွှေညဝါ နာယက ဆရာတော်ကြီးတွေက သံဃမဟာနာယက အဖွဲ့ကို လက်မှတ်ထိုး စာတင် ဖို့ တိုင်ပင်ဆွေးနွေးနေကြပါတယ်” ဟု သာဓု ကျောင်းတိုက်သို့ ရောက်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်ရဲဝင်းက ဧရာဝတီကို ပြောသည်။
၂၀၁၁ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင် ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး၌ သြဝါဒပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်အား ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ရွှေညဝါဆရာတော်အား အာဏာပိုင်များက တရားဟောခွင့် ပိတ်ပင်ထားသည်ဟု သိရပြီး ဆရာတော်ကလည်း သြဝါဒပေးသည်ဟူသော အသုံးအနှုန်းကိုသာ အသုံးပြုခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာတွင် ရွှေညဝါ ဆရာတော်ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် (သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နှင့် နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ သာဓုကျောင်းအတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် တို့ပါဝင်သည်။
နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးမှူးသို့ ရွှေညဝါ ဆရာတော်အား အရေးယူ ဆောင်ရွက်သည့် အခြေအနေများကို ပြန်လည်တင်ပြ ရမည်ဖြစ်သည်။
“ဒီထုတ်ပြန်ချက်ကြောင့် ဆရာတော် အရမ်းအံ့သြသွားတယ်၊ သူ တပါးတည်းကိုပဲ အရေးယူမယ် ထင်ထားတာ၊ အခု သာဓု ကျောင်းတိုက်မှာ ဘာသင်တန်းမှ မဖွင့်ရဘူးပါ လုပ်ချလိုက်တယ်” ဟု သာဓုကျောင်းတိုက်တွင် ကျောင်းထိုင် သည့် ရွှေညဝါအဖွဲ့ အတွင်းရေးမှူး ဦးသူရိယက မိန့်သည်။
ဆရာတော်အား လူဝတ်လဲစေသည့် ကိစ္စနှင့် ပတ်သက်၍ NLD ပါတီခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦးနှင့် ဒေါ်မေဝင်းမြင့်တို့ ဦးဆောင်သော အဖွဲ့လည်း လာရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကိုဇော်ရဲဝင်းက ပြောသည်။
“ဘဘ ဦးတင်ဦးတို့ အနေနဲ့လည်း ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့ ဖြစ်စေချင်လို့ လာဆွေးနွေးတဲ့ သဘောပါ” ဟု သူက ဆို သည်။
ရွှေညဝါ ဆရာတော်အား လူဝတ်လဲကာ သာဓုကျောင်းတိုက်မှ ဖယ်ရှားမည့် သတင်းများနှင့် ယနေ့ နေ့လယ် ၁ နာရီတွင် ဆရာတော်အား အရေးယူရေး ဆွေးနွေးရန် ရန်ကုန်တိုင်း ဒေသကြီး သံဃမဟာနာယက ဆရာတော် တပါးဖြစ်သည့် ဗန်းမော် ဆရာတော်ကြီးနှင့် တခြား တာဝန်ရှိ ဆရာတော်တို့ လာမည်ဆိုသည့် သတင်းကြောင့် လူ ၃၀၀ ခန့်တို့ ကျောင်းတိုက်တွင် စုဝေးရောက်ရှိခဲ့သည်ဟု ၈၈ မျိုး ဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောသည်။
သို့သော် ဗန်းမော်ဆရာတော်ကြီးနှင့် သံဃာများမှာ ယနေ့ လာရောက်ခဲ့ခြင်းမရှိခဲ့ပေ။
“မလိုလားအပ်တဲ့ အခြေအနေမျိုးကို ဆရာတော် (ရွှေညဝါ) ကလည်း မဖြစ်စေချင်လို့ လူစုခွဲပေးဖို့ မေတ္တာရပ်ခံတာ လူစုခွဲ ပေးကြပါတယ်” ဟု ကိုဇော်ရဲဝင်းက ဆိုသည်။
ယခုအခါ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် တခြားသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကလည်း ရွှေညဝါ ဆရာတော်အား အရေးယူရန် ချမှတ်ထားမှုကို ပြန်လည် စဉ်းစားပေးရေး အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ စုပေါင်း လက်မှတ်ရေးထိုး တင်ပြသွားရန်လည်း ရှိကြောင်း သူက ဆက်ပြော သည်။
နိုင်ငံတော် သံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက်ကို သာဓုကျောင်းတိုက်သို့ မနေ့ညပိုင်းက ပေးပို့ခဲ့ပြီး အဆိုပါ ကျောင်း တိုက် အနီးတွင် အရပ်ဝတ်ရဲများ လုံခြုံရေး ယူထားကြောင်း ယင်းကျောင်းတိုက်ရှိ သံဃာတော်များထံမှ သိရသည်။
“ဆွဲချချင်တိုင်း ဆွဲချလို့ရတဲ့ ခေတ်ကြီးတော့မဟုတ်တော့ဘူး၊ ဒီမိုကရေစီကျကျ လုပ်ဖို့လိုတယ်” ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟက မိန့်သည်။
မကြာသေးမီက သာဓု ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့် ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင် ရွှေညဝါ ဆရာတော်က ၎င်းအား အာဏာပိုင်များက ဖိအားပေးနေကြောင်း မိန့်ကြားခဲ့သေးသည်။
ရွှေညဝါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ရွှေညဝါမှ သံဃာ့တက္ကသိုလ်များ စတင်ဖွင့်လှစ် ခဲ့သည်။
ဧရာဝတီသတင်းထောက် လင်းသန့်နှင့် မြတ်မိုး ပူးပေါင်းရေးသားသည်။