ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် အစိုးရအာဏာပိုင်များက ကူညီထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ ကချင် လူ့အခွင့် အရေး လှုပ်ရှားနေသူများနှင့်အကူအညီပေးနေသူများက သံသယဖြင့် ကြိုဆိုကြောင်း ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ ဒုက္ခသည်များအား အစိုးရအာဏာပိုင်များက ဆန်၊ အဝတ်အစားနှင့် အိမ်သုံး ပစ္စည်းများကို ပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံရေး အမြတ်ထုတ်မည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။
“အစိုးရကနေ အဲဒီလိုမျိုး လာပေးတယ် ဆိုတာတော့ ကောင်းတယ်၊ ဒါပေမယ့် သူတို့က စစ်ပွဲကို မရပ်ဘဲနဲ့ လာထောက်ပံ့ပေးတယ် ဆိုတော့ စဉ်စားစရာတွေ ဖြစ်လာတယ်၊ သူတို့ရဲ့ဗျူဟာက ဘယ်လိုရှိနေတယ်ဆိုတာ ကျမတို့ အနေနဲ့ တော်တော်လေးကို စိုးရိမ် မကင်းဖြစ်မိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များကို အကူအညီပေးရေးနှင့် ပတ်သက်၍ လတ်တလော အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်တော်(KIA) တပ်ဖွဲ့ဝင်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။
“အခုဆိုရင် စစ်ပွဲတွေ ပိုပြီးတော့ တင်းမာလာတဲ့ အခြေအနေမှာ ရှိနေတယ်၊ ထွက်ပြေးတဲ့ လူတွေလည်း တောက်လျှောက် ရှိနေ တယ်၊ အစိုးရက ကူညီတယ်ဆိုတဲ့ ဟာလည်း ဖူလုံတဲ့ အဆင့်အထိတော့ မရောက်နိုင်ဘူး၊ အဲဒီကိစ္စတွေ အပေါ်မှာ စိုးရိမ်မကင်းဖြစ် မိတယ်”ဟု မွန်နေလီက ဆက်ပြောသည်။
ကချင် စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ်က“အစိုးရပဲ ပေပေး၊ ဘယ်အဖွဲ့ အစည်းကပဲ ပေပေး ဒုက္ခသည်တွေကို ကူညီပံ့ပိုးတာကတော့ ဘာမှ အပြစ်မရှိဘူး၊ အစိုးရက ဒုက္ခသည်တွေ အပေါ် နိုင်ငံရေး အမြတ်ထုတ်တာ မရှိဘူး ဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ကူညီသင့်တယ်လို့ မြင်တယ်”ဟု ဆိုသည်။
မကြာခင်ရက်ပိုင်း အတွင်း၌ ရန်ကုန် အခြေစိုက် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)တို့က အစိုးရအာဏာပိုင်များ ပေးပို့လိုက်သည့် ထောက်ပံ့ရေးပစ္စည်းများ အပါအဝင် ဒုက္ခသည် စခန်းများရှိ တာဝန် ရှိသူများထံ လာရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
KIO ထိန်းချုပ် ဒေသရှိ ဒုက္ခသည်များ အတွက် လာရောက်ပေးအပ်သော ကုလသမဂ္ဂ အဖွဲ့အစည်းမှ ပစ္စည်းများကို လက်ခံယူခဲ့ သော်လည်း အစိုးရအာဏာပိုင်များ၏ အကူအညီကို လက်ခံခြင်း မပြုဘဲ ယမန်နေ့က ပြန်လည်ပို့ဆောင်လိုက်ကြောင်း ကချင် လွတ် လပ်ရေးအဖွဲ့(KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ဒီကိစ္စကတော့ အမှန်ပဲ ဘာကြောင့်လဲဆိုတော့ အခု တိုက်ပွဲတွေဟာ အစိုးရနဲ့ ဖြစ်နေတယ်၊ ဒီမှာ ရောက်လာတဲ့ ဒုက္ခသည်တွေက လည်း အစိုးရစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုးကို ကြောက်ရွံ့ထိတ်လန့်ပြီးတော့ ထွက်ပြေးလာတဲ့ဒုက္ခသည် တွေ ပါပဲ၊ ဒါကတော့ သူတို့အနေနဲ့ လာတဲ့ကိစ္စမှာ၊ ဒီလိုမျိုး အခြေအနေမှာ သူတို့ရဲ့ကြံံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ပံ့ပိုးတဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို ကျနော်တို့ လက်မခံဘူး၊ ပြန်ပို့ လိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဦး စီးဌာန၊ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးပို့ခဲ့ကြောင်း ဦးလနန်က ပြောဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တဝိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ကချင် ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ယာယီ ဒုက္ခသည် စခန်း ၅၉ ခု၌ လူ ၁၄၁၁၃ ဦး ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် စောင့်ရှောက်ထားပြီး အအေးဒဏ် ကာကွယ်နိုင်ရန် စောင်နှင့် အနွေးထည် လိုအပ်မှုများ ရှိနေသေးကြောင်း ထုတ်ပြန် ထားသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။