အစိုးရ အာဏာပိုင်များက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သတင်းရ သည်။
ဖမ်းဆီးပြီး ၁ လခန့် အကြာတွင် ဦးမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ် ခဲ့ပြီး ဖြစ်သော်လည်း တခြား ပုဒ်မများ ထပ်တိုး၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် မကြာသေးခင်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ရှိ ဒေသခံတဦးက ပြောသည်။
“သူ့ကို အစိုးရက ထောင် ၆ လ ချလိုက်ပြီးမှ KNU အဖွဲ့အစည်းထဲက လူဆိုတာ သိသွားတယ်”ဟု ၎င်းက ပြောဆိုသည်။
အာဏာပိုင်များက ဦးမန်းငြိမ်းမောင်အား ထပ်မံစွပ်စွဲထားသည့်အမှုများကို မသိရှိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဦးမန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင် ပျောက်ဆုံးခဲ့သည်။ တရုတ်-မြန်မာ နယ် စပ်မှ လာသော သတင်းများအရ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ အာဏာပိုင်များက ၎င်းကို မြန်မာပြည်သို့သွားသည့် လေယာဉ် တစီးဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
သို့သော် ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ဦးမန်း ငြိမ်းမောင် ပါဝင်ခဲ့ကြောင်း သိရသည်။