ပြီးခဲ့တဲ့ သီတင်းပတ် Miss People ၂၀၁၁ အလှမယ်ရွေးပွဲ တက်ရောက်အားပေးတဲ့ ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ ဝတ်စားဆင်ယင်မှုကအင်မတန် လုံခြုံ ပွင့်လင်းတာ တွေ့ရပါတယ်။

စကတ်ရှည်တဲ့အတွက် လုံခြုံတယ်လို့ ဆိုနိုင်ပေမယ့် အဲဒီစကတ် ရှေ့ပိုင်းကို ပေါင်ရင်းအထိ ခွဲထားတဲ့အတွက် ပွင့်လင်းတဲ့သဘောလည်း ဆောင်နေပါတယ်။
ဒီပွဲ ရုပ်သံမှတ်တမ်းကို အင်တာနက်ပရိသတ်က ပြည်လည် ကြည့်ရှုနိုင်ပါတယ်။
စကပ် မည်သို့ပင် တိုစေ၊ ခွဲစေကာမူ အသားကပ်ခြေအိတ်ဝတ်ထားရင် အဆင်ပါတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။
ဒါကြောင့် အဲဒီပွဲမှာ အသားကပ်ခြေအိတ် ဝတ်ထားခြင်း ရှိမရှိ သိရှိဖို့ ဆက်သွယ်မေးမြန်းတဲ့အခါ ထပ်ဆင့်အကယ်ဒမီ မင်းသမီး မို့မို့မြင့်အောင်က “အင်တာဗျူး မပေးဘူး” လို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။
စင်ပေါ်တက် ဆုချီးမြှင့်တဲ့ထဲမှာ မင်းသမီး အိန္ဒြာကျော်ဇင်လည်း ပါပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ဖက်ရှင်ကတော့ အများသူငါ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။
သီလရှင်၊ လက်ဝှေ့သမား၊ အကျဉ်းသား၊ လမ်းဘေးဈေးသည် စတဲ့ စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ဖူးတဲ့ မို့မို့မြင့်အောင်ဟာ အခု အသက် ၅၀ ပြည့်ပြီးလို့ မင်းသမီးကြီးနေရာ ရောက်နေပေမယ့် လူငယ်တဦးရဲ့ ဇာတ်ရုပ်မှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တုန်းပါပဲ။
ဗီဒီယို ဇာတ်ကား အများအပြားမှာ သရုပ်ဆောင်နေဆဲဖြစ်တဲ့ မို့မို့မြင့်အောင်က ရုပ်ရှင်ခေတ် အေးစက်ပြီး ဗီဒီယို ခေတ်စားချိန်တုန်းကတော့ ကားကြီးပဲရိုက်မယ်၊ ဗီဒီယိုတော့ မရိုက်ဘူးလို့ ပြောခဲ့ဖူးပါတယ်။
မင်းသမီးတယောက် ဆီးထုပ် (ဇီးထုပ်) ကြော်ငြာတွေနဲ့ ရုပ်မြင်သံကြားမှာ ပေါ်ပြူလာဖြစ်နေတုန်းကလည်း ကျမက ဆီးထုပ်ကြော်ငြာ မရိုက်ဘူး လို့ မို့မို့မြင့်အောင်က ဆိုခဲ့ဖူးပါတယ်။
ဆီးထုပ်စားရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်တာကြောင့် ဒီလို အော်ချက်ထုတ်ခဲ့တာ ဖြစ်မှာပါ။
မို့မို့မြင့်အောင် ကျန်းမာပါစေလို့ ဆုတောင်းရင်း..။
ဇာတ်ဝင်ခန်းထဲက ပေါက်သီချင်း
သီချင်းတပုဒ် ပရိသတ်ထဲ ထိုးဖောက်ဝင်ရောက်သွားနိုင်မယ့် နည်းလမ်းများစွာ ရှိတဲ့ထဲမှာ ရုပ်ရှင် ဇာတ်ဝင်သီချင်းအဖြစ် သုံးရာက ပရိသတ်ကြားထဲ ရောက်သွားတဲ့ နည်းလမ်းလည်း ပါပါတယ်။ ဒီနည်းနဲ့ ဟော့သွားတဲ့ သီချင်းများစွာ ရှိခဲ့ဖူးပါတယ်။

ရုပ်ရှင် တကား ရိုက်တော့မယ် ဆိုရင် ဇာတ်လမ်းကျောရိုး နဲ့ သက်ဆိုင်မယ့် ဇာတ်ဝင်တေးတွေအတွက် တေးရေးဆရာကို ချည်းကပ်ပြီး သီ;သန့် ရေးသား ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတကားကို အချိန်ပေးနိုင်မှု နည်းလာတဲ့ ဒီနေ့ခေတ်မှာ ရုပ်ရှင်မှာရော၊ လူရွှင်တော်တွေ ထောက်ပြသလို သုံးရက်နဲ့တကား အချိန်ပေးရိုက်ကြတဲ့ ဗီဒီယိုတွေမှာပါ ပေါက်ပြီးသား တေးသီချင်းတွေကို ပြီးပြီးရော ထည့်သွင်းလာတာ အချိန် အတော် ကြာပါပြီ။ ရလဒ်က ဒီဇာတ်ကားရဲ့ လွမ်းခန်းလည်း ဒီသီချင်း၊ ဟိုဇာတ်ကားရဲ့ အဆွေးခန်းလည်း ဒီသီချင်း ဖြစ်လာတော့တာပါပဲ။
အဲ့ဒီလို ပေါက်သီချင်းတွေကို ဇာတ်ဝင်တေးတွေအဖြစ် အသုံးပြုရာမှာ လက်တလော လူငယ်များပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အဆိုတော် အောင်လ ရဲ့ “တောင်းပန်တယ်” ဆိုရင် ပိတ်ကား နဲ့ ဖန်သားပြင်မှာရော နေရာတိုင်းမှာပါ ကြားရလွန်းလို့ နိုင်ငံတော်သီချင်းလို့တောင် ပရိသတ်တချို့က ပြောကြတာပါ။
နှလုံးသားမြို့တော်၊ မူပိုင်ချစ်သူ၊ ရင်ခွင်နန်းတော် စတဲ့ နာမည်ကျော် ဇာတ်ကားတွေအတွက် ဇာတ်ဝင်တေးတွေကို ဇာတ်လမ်းကျောရိုးကြည့်ပြီး ဖန်တီး ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ဝင်တေးတွေဟာ ဇာတ်လမ်း ပေါက်သလောက် ပရိသတ်ရင်ထဲ ထိုးဖောက် သွားခဲ့တာပါ။ သီဆိုပေးထားတဲ့ အဆိုရှင်ဟာလည်း ပရိသတ်ရင်ထဲကို အလိုအလျောက် ဝင်ရောက်သွားပါတယ်။
ဒါရိုက်တာ မလိခ စိုးထိုက်အောင်ကတော့ ပေါက်သီချင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် သင့်တော်ရင် သုံးလိုက်တာပဲ လို့ ဧရာဝတီကို ပြောပါတယ်။
“ပေါက်ပြီးသားသီချင်းကို သုံးရမယ်လို့လည်း မဟုတ်ဘူး။ လုံး၀ မသုံးရဘူးလည်း မဟုတ်ဘူး။ တချို့ဟာတွေမှာ ပေါက်ပြီးသား သီချင်းနဲ့ လိုက်ဖက်လို့ သုံးတာမျိုးလည်း သုံးနိုင်ပါတယ်။ အမြဲတမ်းလည်း အဲ့ဒီလိုချည်းပဲ သုံးတာမျိုးလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာလည်း တီထွင်ပြီး လုပ်သင့်တယ် ဆိုတာလည်း မှန်ပါတယ်။ ကျနော်တို့ ဗမာကားတွေမှာသာ မဟုတ်ဘူး၊ နိုင်ငံခြားကားတွေမှာလည်း ပြန်သုံးတာမျိုးတွေ ရှိပါတယ်” လို့ မလိခ စိုးထိုက်အောင်က သုံးသပ်ပါတယ်။
မိန်းကလေး အိမ်ရှေ့ အုတ်ခုံမှာ ဂစ်တာတီးပြီး သီချင်းသွားဆိုတဲ့ ဇာတ်ဝင်ခန်းမျိုး ဆိုရင်တော့ ပေါက်ပြီးသား၊ ပရိသတ် သိပြီးသား သီချင်းမျိုးကို သုံးမှ သဘာဝကျမယ်၊ အဲ့ဒီလို ဇာတ်ဝင်ခန်းမျိုးအတွက် သီချင်းအသစ်တပုဒ် ဖန်တီးမယ် ဆိုရင် အဓိပ္ပာယ် မရှိပါဘူး တဲ့။
ဇာတ်ဝင်တေးသီချင်းဟာ ကိုယ်ပိုင်သံစဉ် မဟုတ်ဘဲ ကော်ပီ ဖြစ်နေရင်တော့ အဲဒီ ဇာတ်ကားကို နိုင်ငံတကာမှာ ဝင့်ဝင့်ကြွားကြွားချပြဖို့ ခက်ခဲမှာပါ။
ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်ထုတ် Weekly Eleven ဂျာနယ်မှာ မကြာသေးခင်က ဖော်ပြထားတဲ့ သတင်းကောင်းတပုဒ် ရှိပါတယ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ အောင်မြင်ပြီးသား တေးသီချင်းတွေကို ပြန်ပြီး အသုံးပြုတာထက် ငွေကုန်ကြေးကျခံ ဖန်တီးတင်ဆက်လာကြပြီ၊ ကိုယ်ပိုင်သံစဉ်ကို သုံးလာကြတာ ရှိနေပါပြီ တဲ့။
မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို လောက သူ့နေရာနဲ့သူ ဖန်တီးမှုတွေ တိုးတက်မှုတွေနဲ့ ရှင်သန်လာနိုင်ဖို့ မျှော်လင့်ရင်း..။
ရုပ်ရှင်ဆင်ဆာ စည်းကမ်းပြောင်းပြီ
မြန်မာ့ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကအတွက် လိုအပ်ချက်တွေ၊ ပြင်ဆင်ချက်တွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့ ပြောရမလိုပါပဲ။

မကြာမီက ရုပ်ရှင် ဆင်ဆာမူဝါဒနဲ့ ပတ်သက်ပြီး ရုပ်ရှင်အဖွဲ့သားများ စည်းဝေး တိုင်ပင်ခဲ့ကြတာ၊ ဆင်ဆာ တင်းကျပ်မှု ပြောင်းလဲတာမျိုး တွေ့ရပါတယ်။
ဟုတ်ပါတယ်၊ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက မူလ ဆင်ဆာ သတ်မှတ်ချက် ၁၀ ချက်ကနေ ၆ ချက်ကို ပြောင်းလဲသတ်မှတ်လိုက်ပါပြီ။
ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှုကင်းရှင်းရေး၊ ကလေးသူငယ်အရေး စတဲ့ အချက် ၄ ချက်ကို ဆင်ဆာစည်းကမ်းထဲက ဖြုတ်လိုက်ပါပြီ တဲ့။
နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက် ကြမ်းကြုတ်မှု၊ ရာဂလှုံဆော်မှု တို့နဲ့ ပတ်သက်တဲ့ အချက် ၆ ချက်ကို ဆက်လက် ပြဋ္ဌာန်းထားပါတယ်။
ဒီလို ဆင်ဆာအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အခုလို မှတ်ချက်ပြုတယ်။
“သူတို့ရဲ့ ပေါ်လစီဟာ တိတိကျကျ ဘယ်လိုရှိတယ် ဆိုတာ ကျနော့်အနေနဲ့တော့ သိလည်း မသိခဲ့ပါဘူး။ အခု လျှော့မယ် ဘာညာ ဆိုတဲ့ ဟာကလည်း ကျနော့အထင် ဘာမှတော့လည်း မဟုတ်ဘူး ထင်ပါတယ်။ ဒီလိုပါပဲ၊ လျှော့တယ်လို့ ပြောပြီးတော့လည်း ဟုတ်ချင်မှလည်း ဟုတ်မယ်၊ ဟုတ်ချင်လည်း ဟုတ်မယ်ပေါ့လေ” တဲ့။
ကဲ … ဒီတခါတော့ ရုပ်ရှင်ဆင်ဆာ သတ်မှတ်ချက် အတိုးအလျှော့တွေက ဂဏန်း တကယ်ပဲ ငြိမ်သွားပြီလား၊ ဒါမှမဟုတ် ထပ်တိုး ထပ်လျှော့ဖို့ ရှိနေသေးလား ဆိုတာကို ရုပ်ရှင်လောကနဲ့ ပရိသတ်တွေထဲ မျှော်လင့်နေသူတွေရှိသလို၊ လုပ်ချင်တာလုပ် စိတ်မဝင်စားဘူး ဆိုသူတွေလည်း ရှိနိုင်ပါတယ်။
ရုပ်ရှင်ဆင်ဆာအဖွဲ့ကြီး အမြန်ဆုံး ဂဏန်းငြိမ်ပါစေလို့ ဆုတောင်းရင်း..။