မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အဆက်အဆံ မရှိတာကနေ အခုက ပထမဆုံး နွေးနွေးထွေးထွေး ထိတွေ့ဆက်ဆံမှုပါ။ သီးခြားခေါင်းစဉ်နဲ့ ဆွေးနွေးတာတော့ မရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။
တရုတ်သံအမတ်ကြီး Li Junhua နှင့် ဒုတိယ အတွင်းဝန်တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီမှ ၄ နာရီ ၁၀ မိနစ်အထိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အစိုးရချင်း ဆက်ဆံရေး၊ အစိုးရနှင့် အတိုက်အခံ ဆက်ဆံရေး၊ ပြည်သူချင်း ထိတွေဆက်ဆံရေးတို့အတွက် ခြေလှမ်းအစဟု ယူဆသော်လည်း ဆွေးနွေသည့် အသေးစိတ်ကို မသိကြောင်း ဦးခွန်သာမြင့်က ဆက်လက်ပြောသည်။
ယင်းသို့ တရုတ်သံအမတ်တဦး အနေဖြင့် မြန်မာအတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းမှာ နှစ်ပေါင်း ၂၀ ကျော်တွင် ပထမဆုံးဖြစ်သည်။
ယခု တရုတ်သံအမတ်အနေဖြင့် အတိုက်အခံခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ယမန်နေ့က ပြောကြားခဲ့သည်ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံနဲ့ တွေ့ချင်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ကမ်းလှမ်းဖူးပါတယ်။ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်နဲ့ တွေ့ဆုံမှုဟာ ဒီကမ်းလှမ်းချက်တွေကို တုန့်ပြန်လိုက်လျောလိုက်တာပါပဲ” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဦးခွန်သာမြင့်ကမူ “အကြိမ်ကြိမ်အခါခါ တောင်းဆိုတယ်ဆိုတာကလည်း အစ်မ (ဒေါ်အောင်ဆန်းစုကြည်) က ကြုံတိုင်း ပါပဲ။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) က ကျမကို တွေ့ပါ၊ တွေ့ပါလို့ ပြောနေတာ မဟုတ်ဘူး။ တွေ့ဖို့ လိုအပ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေနဲ့ အစိုးရချင်းတင်မကဘဲ အတိုက်အခံနဲ့လည်း ထိတွေ့ဖို့လိုတယ်။ ပြည်သူချင်းလည်း ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ ပြောနေတာပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးကိစ္စကို သမ္မတဦးသိန်းစိန် အစိုးရက ရပ်တန့်ထားခဲ့သည်။
အဆိုပါကိစ္စအပြင် မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်လာခြင်းသည် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်သည်ဟု လေ့လာတချို့က သုံးသပ်သည်။
မြန်မာနှင့် တရုတ် အစိုးရချင်း ဆက်ဆံရေး ကောင်းမွန်မူကို လိုလားကြောင်း၊ မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်က ဆက်ဆံရေးကို မထိခိုက်နိုင်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်က ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီးနောက် တရုတ်နိုင်ငံသည် အိမ်နီးချင်းဖြစ်ပြီး အရေးပါသည့် မိတ်ဆွေနိုင်ငံအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကို အနိုင်ရပါတီအဖြစ် နဝတ စစ်အစိုးရက ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ ချင်ပေါင်လူးသည် NLD ရုံးသို့ သွားရောက်ခဲ့ဖူးသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၁၉-၂၀ တို့တွင်ကျင်းပမည့် မဲခေါင်နိုင်ငံများအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခု တက်ရောက်ဖြစ်တော့မည် မဟုတ်ဟု သိရသည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်စား နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ် သံအမတ်ကြီး Dai Bingguo က တက်ရောက်မည် ဖြစ်သည်။