ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မကြာမီကျင်းပရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ထိန်းချုပ်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကာလကို သေချာစွာ မပြောဆို နိုင်သေးကြောင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာများစွာရှိနေပြီး ရွေးကောက်ပွဲကျင်းပမည့် အချိန်ကို ၃လ
ကြိုတင်ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီအားလုံးသည် ယခုအချိန်တွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ပြုကြောင်း ၎င်းက ပြောသည်။
“ဘာမှ တင်ပြစရာမလိုဘူး။ ကော်မရှင်က မကန့်သတ်ဘူး။ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံး တာတွေကို လွတ်လွတ်လပ် လပ်လုပ်လို့ရတယ်။ ပြည်သူတွေကို စည်းရုံးနိုင်မှ လွှတ်တော်ထဲရောက်ပြီး အားလုံးကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး လုပ်နိုင်မယ်” ဟု ဦးတင်အေးက ကတိပြုသည်။
နိုင်ငံရေး ပါတီအားလုံးသည်လည်း တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်ကြမည်ဟု ယုံကြည်ကြောင်း ဦးတင်အေးက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကောင်းကျိုး လုပ်ဆောင်မည့် သူအဖြစ် ယုံကြည်ကြောင်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ရန် လျှောက်ထားမှုကိုလည်း ကော်မရှင်က သက်မှတ် ဥပဒေများအတိုင်း ခွင့်ပြုပေးလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည့်အပေါ် ကော်မရှင်ဥက္ကဋ္ဌ တဦးအနေနှင့် ကြိုဆိုကြောင်း ၎င်းက ပြောသည်။
ယနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ် မဲဆန္ဒနယ်များစာရင်း အားလုံးကို အတိအကျ ထုတ်ပြန် ပေးလိုက်သည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ၊ စုစုပေါင်း ၄၈ နေရာလစ်လပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော မဲဆန္ဒနယ် ၁၇ နေရာ စာရင်းများကို တိကျစွာ ထုတ်ပြန်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အသုံးစရိ သန်း ၇၀၀ ကျော်ကျပ် သုံးရန် လျာထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကျပ် ၁၁ ဘီလီယံ နီးပါး အသုံးပြုခဲ့သည်ဟု ဦးတင်အေးက ပြောသည်။