ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အရေးယူမည့်စာ ပို့သော သတင်းနှင့် ပတ် သက်ပြီး ပြည်တွင်း သတင်း ဂျာနယ်များတွင်ဖော်ပြခွင့်မရကြောင်း သတင်း မီဒီယာ အသိုင်းအဝိုင်းက ပြောသည်။

“စာပေစိစစ်ရေးက အဲဒီသတင်းကိုလုံး၀ မဖော်ပြဖို့ တားတယ်။ ခွင့်ပြုချက်မရှိဘဲ ဖော်ပြရင်တော့ ထိထိရောက်ရောက် အရေးယူ ရ လိမ့်မယ်လို့ ပြောတယ်”ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး က ပြောပြသည်။
ယင်းသတင်းသည် ပြည်သူအများက စိတ်ဝင်စားသောကြောင့် ပြည်တွင်း သတင်းမီဒီယာ အများစုက ဖော်ပြရန် ကြိုးစားကြသော် လည်း စိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ ဂျာနယ် အယ်ဒီတာ တဦးကလည်း“ဆရာတော် ကျောင်းမှာလုပ်တဲ့ အခမ်းအနားသတင်းတွေ ကျနော်တို့ ရေးပြီး တင် ဖူးတယ်၊ မပေးဘူး၊ ညွှန်ကြားထားတာမျိုးတော့ မရှိဘူး၊ သွားတင်တော့မှ မပေးတာ၊ ဆရာတော် ဘွဲ့အမည်ပါရင်ကို စိစစ်ရေးက အရင်ကတည်းက ခွင့်မပြုခဲ့ဘူး၊ တခြားဟာတွေ ခွင့်ပြုတာတော့ ရှိတယ်”ဟု ပြောဆိုသည်။
ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့(မဟန)၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက် အကြောင်းကြား စာ ကို ရွှေညဝါ ဆရာတော် ဦးပညာသီဟ ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
မဟန ၏ စာတွင် တရားဟောခွင့် ပိတ်ပင်ထားသည်ကို မလိုက်နာဘဲ တရားဟောခဲ့သောကြောင့် လက်ရှိ သီတင်း သုံးနေသော ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်(သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ)အဖြစ် သတ်မှတ်ရန်နှင့် ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်သည်။
တရားဟောခွင့် ပိတ်ပင်ထား၍ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးတွင် သြဝါဒ ဆုံးမစကားကိုသာ ပြောခဲ့ခြင်း ကို တရားဟောပါသည်ဟု မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)သို့ မှားယွင်းစွာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ရွှေညဝါ ဆရာတော်က ဧရာဝတီသို့ မိန့်ကြားထားသည်။
မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံး၌၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် ကျင်းပစဉ် ရွှေညဝါ ဆရာတော်က သြဝါဒ ဆုံးမစကား ပြောကြားခြင်းဖြစ်သည်။
ရွှေညဝါ ဆရာတော်သည် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား များကိုလည်း သာဓု ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွှေညဝါဆရာတော်ကို အရေးယူသော သတင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရဟန်း သံဃာများ၊ ပြည်သူများထံသို့ ပျံ့နှံ့သွားပြီး အများစုက စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိကြောင်း သိရသည်။
“ဆရာတော်အတွက် အရမ်းကို စိတ်ပူတယ်။ ဆရာတော်ကတော့ သူ့အတွက် မပူဖို့ အမြဲပြောတယ်။ ဒါပေမယ့် ဆရာတော်လို သီလ၊ သမာဓိပြည့်စုံတဲ့ ရဟန်းတော် တပါး ဒုက္ခကြုံမှာကို မလိုလား ပါဘူး”ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင် တိုက်မှ စာသင်သား ရဟန်းပျိုတဦးက ပြောသည်။
ရွှေညဝါ ဆရာတော်က ၎င်းအား အရေးယူမှုကို ပြင်ဆင်ပေးရန်အတွက် ရဟန်းနှင့်ပြည်သူ တသောင်းကျော်၏ လက်မှတ်များနှင့် အသနားခံစာကို နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ ဒီဇင်ဘာ ၁၆ ရက်က တင်ပြထားသည်။
ထို ရွှေညဝါဆရာတော်၏ သတင်းသာမက အစိုးရအရာရှိကြီးများ၏ လာဘ်ပေးလာဘ်ယူမှုများအား စုံစမ်း ရေးသားထားသော သတင်းများကိုလည်း သတင်းမီဒီယာများတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်သည်ဟုလည်း ရန်ကုန် သတင်း မီဒီယာ အသိုင်းအဝိုင်းက ပြောဆိုကြသည်။
ဂျာနယ် သတင်းထောက် တဦးက“သတင်း လွတ်လပ်ခွင့်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြောပါ၊ လက်တွေ့မှာတကယ်မရဘူး။ သတင်းတွေကို ဖြတ်တောက်တယ်။ စိစစ်တယ်။ မနာခံရင် အရေးယူမယ့်ပုံစံပြတယ်”ဟု ပြောသည်။