အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ခြင်း အပြီးသတ်အစီအစဉ်အတွက် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမကြာမီ သွားရောက်မည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သွားရောက်မည့် အဆိုပါ တွေ့ဆုံမှုအတွက် NLD ပါတီ၏ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဦးဆောင်ရန် ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ယနေ့ ပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်ချက်ချခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“ပါတီရဲ့ မူဝါဒလမ်းစဉ်၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ် စတာတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် စတာတွေကို ကော်မရှင်မှာ ရှင်းပြဖို့ သွားမှာပါ” ဟု ၎င်းက ဆိုသည်။
NLD ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ပါတီဝင်အများစု ဆန္ဒအရ ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဦးဆောင် ၂၁ ဦး၏ စာရင်းကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် တကွ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီတည်ထောင်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်မှ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ ယခု ပါတီခေါင်းဆောင်များက ပါတီ၏ ရည်ရွယ်ချက် မူဝါဒများကို သွားရောက်ရှင်းလင်းရမည်ဖြစ်သည်။
လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေပြီး NLD ပါတီ ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျာထားထာသည်ဟု သိရသည်။
ဦးဝင်းထိန်က “တရားဝင်တော့ မကြေညာသေးဘူး။ ဒါပေမယ့် ဇာတိဆိုတော့ အားလုံးက ဝင်ဖို့တောင်းဆိုနေတယ်” ဟု ပြောသည်။
အဆိုပါနေရာအတွက် ယခင်က မိတ္ထီလာမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်အား လျာထားထားသော်လည်း ကျန်းမာရေးအခြေအနေအရ အစားထိုးရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်သည် တပ်မ ၉၉ နှင့် လေတပ်စခန်းရှိသည့် တပ်နယ်မြေ ဖြစ်သည့်အပြင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အားကောင်းသည့် နယ်မြေဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် အနိုင်ရရှိခဲ့သည့် နယ်မြေဖြစ်သည်။
အတည်မပြုနိုင်သေးသော သတင်းများအရ NLD လူငယ်တာဝန်ခံ မဖြူဖြူသင်းသည်လည်း ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကို မည်သည်အချိန်တွင် ပြုလုပ်မည်ဆိုသည်ကိုမူ သမ္မတ ဦးသိန်းစိန် အစိုးရက ကြေညာခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ထိန်းချုပ်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် ကြိုဆိုကြောင်းလည်း ပြောဆိုခဲ့သည်။