မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်သွားသည့် သတင်းကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက တရား ဝင် ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာ တုံ့ပြန်မှုများရှိနေခဲ့သည်။
အမေရိကန် သမ္မတ အိမ်ဖြူတော်က ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်မှုနှင့် အမေရိကန်၏ မဟာမိတ်များ လုံခြုံရေးအတွက် အလေးပေး လုပ်ဆောင်စရာများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ ပြောဆိုလိုက်သည်။
တရုတ်အစိုးရကလည်း ယခုကဲ့သို့ အာဏာရှင် မြောက်ကိုရီးယား ခေါင်းဆောင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ပြောဆိုသည်။
နျူကလီးယား လက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားနှင့် သံတမန်ရေးရာ အဆက်အသွယ်ရှိသည့် မြန်မာပြည်တွင်း၌လည်း ကင်ဂျုံအီးလ် သေဆုံးသည့် သတင်းကို အမျိုးမျိုး တုံ့ပြန် ပြောဆိုနေကြသည်။
ကင်ဂျုံအီးလ် ကွယ်လွန်သွားခြင်းအတွက် အာရှတိုက်၏လုံခြုံရေးကို ရိုက်ခတ်မှုဖြစ်လာနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ပြောကြားသည်။
“အာရှရဲ့လုံခြုံရေးအထိပါ ဂယက်ရိုက်နိုင်တယ်လို့ ကျနော်တို့က ယူဆတယ်”ဟု ဦးဝင်းထိန်က ဧရာဝတီကိုပြောသည်။
ယခင်စစ်အစိုးရက မြောက်ကိုရီးယားနှင့် စစ်ရေးအရ လျှို့ဝှက် ဆက်ဆံမှုများ ရှိခဲ့သည့်အပေါ် နိုင်ငံတကာက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခု အစိုးရအနေဖြင့် ကင်ဂျုံအီးလ် လွန် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခန့်မှန်းရ ခက်ခဲကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး မြောက်ကိုရီးယား သံအမတ်တာဝန် ထမ်းဆောင်ခဲ့သူ သခင်ချန်ထွန်းက မြန်မာနှင့် မြောက် ကိုရီးယား သည် ယခင်က နိုင်ငံရေးအရ ဆက်ဆံမှုသာရှိကြောင်း၊ အာဇာနည်ကုန်း ဗုံးခွဲမှု နောက်ပိုင်း မြန်မာဘက်က မြောက် ကိုရီးုယားနှင့် သံတမန်ဖြတ်တောက်ခဲ့ကြောင်း၊ မြောက်ကိုရီးယားက နျူကလီးယား ပိုင်ဆိုင်သည်ဟု သတင်းများကြောင့် မြန်မာ စစ်အစိုးရ လက်ထက်က နျူကလီးယားနှင့် ဒုံးကျည် နည်းပညာရယူလို၍ တိတ်တဆိတ် ပြန်လည်ဆက်သွယ်သည်ဟု သတင်းများ ကြား ရကြောင်း ပြောဆိုသည်။
“နောက်ပိုင်းလည်း သံတမန်ဆက်ဆံရေးအနေနဲ့ မြန်မာက ရှိနေဦးမှာပါပဲ။ မြန်မာက ဘက်မလိုက် နိုင်ငံခြားရေးမူကို ကျင့်သုံး တော့ အမေရိကန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်၊ မြောက်ကိုရီးယားပဲ ဖြစ်ဖြစ် သံရေး တမန်ရေးဆက်ဆံမှုက ဒီ အတိုင်းဆက်ရှိနေပါလိမ့်မယ်”ဟု သခင်ချန်ထွန်းက ဆိုသည်။
မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် ၁၉၇၄ ခုနှစ်တွင် သံအမတ်ခန့်အပ်၍ ၂ နိုင်ငံဆက်ဆံရေးကို စတင်ခဲ့သည်။
၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့ကို မြောက် ကိုရီး ယားမှ စေလွှတ်သည့် အထူးကွန်မန်ဒို ၃ ဦးက ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ရာတွင် တောင်ကိုရီးယား ဝန်ကြီး ၄ ဦး အပါအဝင် တာဝန် ရှိသူ ၁၇ ဦး နှင့် မြန်မာအစိုးရ အရာရှိများ စုစုပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီးနောက် သံတမန် အဆက်အသွယ်ကို မြန်မာဘက်က ဖြတ်တောက် ခဲ့ခြင်းဖြစ်သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုတွင် သမ္မတ ချန်ဒူးဝမ် အသက် မသေဘဲ လွတ်မြောက်သွားခဲ့သည်။
မြန်မာနှင့် မြောက်ကိုရီးယားသည် ၂၀၀၇ ခုနှစ် ဧပြီလ မှ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ကာ မြန်မာနိုင်ငံတွင် မြောက် ကိုရီးယား သံရုံးကို ဖွင့်ခဲ့သည်။
သံတမန် ဆက်ဆံရေး ပြတ်တောက်သည့် ကာလအတွင်း ယခင် စစ်အစိုးရ လက်ထက်တွင် လျှို့ဝှက် ဆက်သွယ်မှုများ ရှိခဲ့ သည်။ မြန်မာက မြောက်ကိုရီးယားထံမှ စစ်လက်နက် ပစ္စည်းအကူအညီနှင့် နည်းပညာရယူလိုသောကြောင့် ယင်းသို့ ဆက်သွယ် ခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်းကလည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သံတမန် ဆက်ဆံရေး ပိုမို တိုးမြှင့်ဆက်ဆံခဲ့သည်။
၂၀၀၇ ခုနှစ် သံတမန်ဆက်ဆံရေး ပြန်လည် စတင်ပြီးနောက်ပိုင်း ကင်ဂျုံအီးလ် ၏ မွေးနေ့ အထူးသတင်းများ၊ မြောက် ကိုရီးယား သံရုံး၏ သတင်းများကို မြန်မာစစ်အစိုးရက သတင်းစာများတွင် ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။
ခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ ကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း ရေဒါနှင့် ကြားဖြတ်ပိတ်ဆို့မှုဌာနများ၊ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ်အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့်အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးကြောင်း လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
မြန်မာ စစ်တပ်ခေါင်းဆောင် တဦးအနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး ၂ နိုင်ငံ စစ်တပ်ပူးပေါင်း ဆောင်ရွက်ရေးများ လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က မကြာသေးခင်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
မြန်မာစစ်အစိုးရလက်ထက်က မြောက်ကိုရီးယား သင်္ဘောတချို့ ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ကပ်ခဲ့ပြီး မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ တိတ်တဆိတ် ဝယ်ယူခဲ့သည်ဟူသော စွပ်စွဲချက်များလည်း ပေါ်ထွက်ခဲ့သည်။
မကြာသေးမီ လများအတွင်းကလည်း တားမြစ်ထားသည့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယ ဖြစ် ဖွယ် မြောက်ကိုရီးယား သင်္ဘော ၂ စီးကို အမေရိကန်ရေတပ်သင်္ဘောများက ပြန်လှည့်သွားစေခဲ့သည်။
၂၀၀၉ ခုနှစ်က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခဲ့သည်။
ထိုဆုံးဖြတ်ချက်အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ဝင်ရောက် စစ်ဆေးပိုင်ခွင့် ရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံ မကွေးတိုင်း အနောက်ခြမ်း မလွန်ဒေသနှင့် အလယ်ပိုင်း သပိတ်ကျင်းဒေသတို့ရှိ အမည်မသိစက်ရုံတွင် မြောက် ကိုရီးယား ပညာရှင်များနှင့် မြန်မာ စစ်တပ်တို့ လျှို့ဝှက် စီမံကိန်းများလုပ်ဆောင်နေသည်ဟူ၍လည်း သတင်း များ ထွက်ပေါ်ခဲ့သည်။
မြန်မာနှင့် မြောက်ကိုရီးယား ပူးပေါင်း လျှို့ဝှက်လုပ်ဆောင်နေသည့် နျူကလီးယား ရည်မှန်းချက်များကို ၂၀၀၉ ခုနှစ်က မြန်မာစစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း ဖွင့်ချခဲ့သည်။
ယမန်နှစ်က ပေါက်ကြားခဲ့သော အမေရိကန် သံတမန် လှျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ဝီကီလိခ် ကြေးနန်းတွင်လည်း မြန်မာ တောတွင်းရှိ စစ်တပ်အခြေစိုက်စခန်းများတွင် ရာနှင်ချီသော မြောက်ကိုးရီးယား နိုင်ငံသားများလာရောက် လုပ်ကိုင်နေသည်ကို အမေရိကန် သံတမန်များက ပြောဆိုထားမှုများပါဝင်ခဲ့သည်။
ကင်ဂျုံအီးလ် အသက် ၆၉ နှစ် သည် ပြီးခဲ့သည့် စနေနေ့ ကွယ်လွန်ခဲ့သည်။ ၎င်းသည် ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွေးဖွားခဲ့သည်။ မြောက် ကိုရီးယား အမျိုးသား ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ သားဖြစ်ပြီး ၁၉၉၄ ခုနှစ်က ဖခင်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယား နိုင်ငံတွင် အာဏာ အရှိဆုံးဖြစ်ခဲ့သည်။ ကင်ဂျုံအီးလ်သည် သားဖြစ်သူ ကင်ယုံအန်း အား သူ၏ အရိုက်အရာကို ဆက်ခံရန် မကြာသေးမီနှစ်ကတည်းက စီစဉ် ထားခဲ့သည်။
မြန်မာ အစိုးရကမူ ကင်ဂျုံအီးလ် ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး မည်သို့မျှ ထုတ်ပြန်ခြင်း မရှိသေးပေ။