ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များနှင့် “နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်” ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကယမန်နေ့တွင် ကမ်းလှမ်းစာ ပေးပို့ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် KIO အဖွဲ့ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး သက်သက်ထက် နိုင်ငံရေးအရ ဇောင်းပေးဆွေးနွေးရန် တိုက်တွန်းမှုအပေါ် အစိုးရဘက်မှ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
KIO အဖွဲ့နှင့် နီးစပ်သူတဦးက အစိုးရနှင့် KIO တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး လတ်တလော အသေးစိတ် မသိရှိရသေးကြောင်း၊ တွေ့ဆုံကြမည့် နေရာကိုလည်း မသိရှိသေးကြောင်း ပြောသည်။
ထို့အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ခေါင်းစဉ်ဖြင့် ကမ်းလှမ်းထားသောကြောင့် အပစ်အခတ်ရပ်စဲရေးအပြင် ဒုက္ခသည် အရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတ ဦးသိန်းစိန်သည် ဦးအောင်သောင်း ဦးဆောင်သော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့”ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုအဖွဲ့အနေဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိသည်အထိ အပြီးဆုံးတိုင် ဆောင်ရွက်ရမည့် အဖွဲ့ဖြစ်ကြောင်း ယမန်နေ့က Eleven Media Group ၏ သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်သောင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရန်မှာ နောက်ထပ် ၃ နှစ်အထိ ကြာမြင့်နိုင်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရန် လွှတ်တော် အထူးအစည်းအဝေး၌ တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။
ယခုနှစ် ဇွန်လမှစတင်၍ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် KIA ထိန်းချုပ်ရာ လိုင်ဇာဒေသတဝိုက်၌ လတ်တလောတွင် ဒုက္ခသည် ၃၄၀၀၀ ကျော်ရှိပြီး ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်းဖြစ်သည်။