အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း သက်ဆိုင်ရာ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များကို၂၀၁၂ ခုနှစ် တွင်မှ တရားဝင် ထုတ်ပြန်မည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြပိုင်ခွင့်များကို တရားဝင်ခွင့်ပြုသွားမည်ဖြစ် သည်ဟု အလုပ်သမား ဝန်ကြီးဌာနက ပြောသည်။
“လက်ရှိမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းဥပဒေတွေတရားဝင် ထွက်အောင် မလုပ်နိုင်သေးပါဘူး။ ၂၀၁၂ ခုနှစ်အတွင်းမှာ အားလုံးကို အတည်ပြုပြဋ္ဌာန်း နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ရေးဆွဲနေပါတယ်။ လာမယ့်နှစ်အတွင်းမှာ ပြဋ္ဌာန်းမယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီး ဌာန အရာရှိ တဦးက ပြောဆိုသည်။
ယင်းကိစ္စကို နိုင်ငံတဝန်းရှိ အလုပ်သမားများသို့ အသိပေးအကြောင်းကြားမှုများ ပြုလျက်ရှိကြောင်း၊ ယခုအချိန်တွင် အလုပ်သမား အဖွဲ့အစည်းများဖွဲ့စည်းလျှင် ဥပဒေတိကျစွာ မပေါ်သေးသည့်အတွက် တရားဝင်ဖြစ်မည်မဟုတ်ကြောင်း၊ အလုပ်သမားများ အနေနှင့် စိတ်ရှည် သည်းခံမှုဖြင့် စောင့်ဆိုင်းကြရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက လည်း ပြောသည်။
“အလုပ်သမားတွေကို အသိပညာပေးရှင်းလင်းတဲ့ပွဲတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့ရှိတယ်။ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအပြည့်အ၀ ရစေဖို့ လုပ်ဆောင်နေတယ်။ ဝန်ကြီး ကိုယ်တိုင် က လည်း အလုပ်သမားလူတန်းစားတွေ တိုးတက်ကြီးပွားမှ နိုင်ငံ ချမ်းသာနိုင်တယ်ဆိုတဲ့ မူမျိုးကို လက်ဆုပ်ကိုင်ထားတယ်”ဟုလည်း လူမှုဖူလုံရေးအဖွဲ့ အရာရှိက ဆိုသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အလုပ်သမား သမဂ္ဂပေါ်ပေါက်ရေးနှင့် အလုပ်သမားအရေး လှုပ်ရှားနေသည့် အလုပ်သမား တဦးကမူ အစိုးရသစ်လက်ထက်တွင် အလုပ်သမားများ၏ အခွင့်ရေးအပြည့်အ၀ မရရှိသေးကြောင်း၊ အထူးသဖြင့် အစိုးရကအလုပ် သမားများ၏ အနိမ့်ဆုံးလစာကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသကဲ့သို့၊ လူမှုဖူလုံရေး၊ ကျန်းမာရေးကိစ္စများတွင် အလုပ်သမား အ များစု ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောပြသည်။
“အလုပ်ရှင်တွေက အလုပ်သမားတွေကို အခြေခံလစာ ဘယ်လောက်ပေးရမယ်ဆိုတာကို အစိုးရက ဥပဒေနဲ့ သတ်မှတ်ပေးတာမရှိဘူး။ အချိန်ပို တနာရီ ဘယ်လောက်ဆိုတာလည်း သတ်မှတ်ပေးထားတာမရှိဘူး။ လုပ်သားအများဆုံးရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ ဆိုရင် အလုပ်သမားတွေ တနေ့ကို အချိန်ပိုလုပ်ခ နည်းနည်းနဲ့ တနေ့ ၁၂ နာရီ၊ ၁၃ နာရီ မရပ်မနား အလုပ်လုပ်နေရ တာတွေရှိတယ်။ ကျန်းမာရေး မကောင်းလို့ အလုပ်ဆင်းနိုင်ရင်လည်း ကိုယ့်ကိစ္စ ကိုယ်ခံရတယ်။ လူမှုဖူလုံရေးလည်း မပီပြင်ဘူး။ ဒီလို အခွင့် အရေးတေ ွပေါ်ပေါက်လာဖို့က လွတ်လပ်တဲ့အလုပ် သမားသမဂ္ဂတွေ ပေါ်လာဖို့ အရမ်းကို အရေးကြီးပါတယ်”ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ အထက်တန်းရှေ့နေတဦးက သမ္မတ ဦးသိန်းစိန် အစိုးရသစ်က ပြုပြောင်းလဲမှုများ လုပ်ဆောင်သည်မှာ ထင်သာ မြင် သာ ရှိသော်လည်း လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းဖြစ်ပေါ်ရေးမှာ မဖြစ်နိုင်သေးကြောင်း ပြောသည်။
“ဥပဒေက ဘယ်လိုပဲ ပြဋ္ဌာန်းထားပါစေ၊ အလုပ်သမား အဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုက လွတ်ဖို့တော့ ခက်ပါလိမ့်မယ်။ ချက်ချင်းကြီးတော့ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့ခွင့်ပေးမယ် မထင်ဘူး။ ဒီအဖွဲ့အစည်းတွေက တကယ်သာ လွတ်လွတ်လပ်လပ် အသက်ဝင်လာရင် အစိုးရကို အချိန်မရွေးဖြုတ်ချလို့ရတဲ့ လူထုအခြေပြု အဖွဲ့အစည်းကြီးတွေ ဖြစ်လာမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၄ နှင့် အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်း အကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့်လွတ် လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ပြဌာန်းခြင်း ဖြစ်သည်ဟု ဆိုသည်။