မန္တလေးမြို့တွင် နိုင်ငံရေး အမူနှင့် လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီနေသည့် ရှေ့နေ ဦးမြင့်သွင်ကို အစိုးရက မကြာသေးခင် ရက်ပိုင်းအတွင်း ရှေ့နေ လိုက်ခွင့် ၃ နှစ်ပိတ်ပင်လိုက်သည်။

ရှေ့နေလိုက်ခွင့်ပိတ်ပင်ကြောင်း စာကို ယခုလ ၁၅ ရက်က ၎င်းထံ တရားရုံးချုပ်က ပေးပို့ခဲ့သည်ဟု ဦးမြင့်သွင်က ဧရာဝတီသို့ပြော သည်။
“ရှေ့နေ ဖြစ်ပြီးတော့ တာဝန်ကျေအောင် မထမ်းဆောင်တဲ့ အတွက် ရှေ့နေ ကောင်စီကနေပြီး နည်း ဥပဒေအရ ကျနော့်ကို အနား ပေးတယ်၊ ၃ နှစ် ရပ်ဆိုင်းတယ် ဆိုပြီးတော့ စာထဲမှာပါတယ်”ဟု ၎င်းက ဆိုသည်။
ဦးမြင့်သွင် လက်ခံထားသော အမှုသည် တဦး၏ ပြန်လည် တိုင်ကြားချက်ကြောင့် ရှေ့နေများ ကောင်စီ အက် ဥပဒေ ပုဒ်မ ၁၀/၁ အရ ရှေ့နေလိုက်ခွင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ၇ လလောက်က အမှုတခုမှာ တရားရုံးချုပ်မှာ နောက်ကျလို့ ဆိုပြီးတော့ မကွေးတိုင်းဘက်က အမှုသည် တယောက်က တိုင်တာ၊ အဲဒီလို အတိုင်ခံရတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးတယ်၊ နောက်ကျသွားတော့ ကျမ်းကျိန်ပြီး ပြန်လျှောက်လဲချက် ပေးခွင့် ရပါတယ်၊ ကျနော့်ဘက်က တာဝန်ကျေအောင်တင်တာပေါ့၊ ဒါပေမယ့် သူ့အမှုက ဆက်ရှုံးတဲ့အခါကျတော့ ကျနော် နောက် ကျလို့ ရှုံးတယ် ဆိုပြီးတော့ တိုင်ထားတာ”ဟု ဦးမြင့်သွင်က ရှင်းပြသည်။
တရားခွင် အတွင်းသို့ အမှုလိုက်ပါ ဆောင်ရွက်ခွင့် မရှိတော့သဖြင့် ဥပဒေ အကြံပေး အဖြစ် ဆက်လက် ကူညီမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အမှုစစ်တာက တရားခွင်မှာ လက်မှတ် ထိုးတာနဲ့ ကိုယ်တိုင် ဝင်မစစ်ရတာဘဲ ရှိတယ်၊ ကျန်တာကတော့ ကျနော့်ရဲ့ လက်ထောက် ရှေ့နေတွေကို မေးခွန်းတွေ ရေးပေးတယ်၊ အမှုသည်တွေကိုလည်း ကျနော်ပွင့်ပွင့်လင်းလင်း အကုန်ပြောပြတယ်”ဟု ဦးမြင့်သွင်က ပြောသည်။
ဦးမြင့်သွင်သည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ ဖြစ်ကြသည့် ဒေါ်ဝင်းမြမြ၊ ဦးသန်းလွင် တို့၏ နိုင်ငံရေး အမှုများ အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မေမြို့တို့တွင် လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီ ဆောင်ရွက်ပေးနေသော ရှေ့နေတဦးဖြစ်သည်။
လွန်ခဲ့သည့် သြဂုတ်လကလည်း လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီသည့် ရှေ့နေ ဦးတင်အောင်ထွန်းသည် လည်း ရှေ့နေ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သည် ဟူသော စွပ်စွဲချက်ဖြင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသည်။
နိုင်ငံတဝန်းတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ အကျိုးဆောင် ရှေ့နေ ၁၁ ဦးခန့် လက်ရှိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရ သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန်ချက်တွင် ဗဟို တရားရုံးရှေ့နေများ အပါအဝင် ၁၉၈၈ ခုနှစ်မှ စတင်၍ နိုင်ငံတဝန်းတွင် ဥပဒေ နည်းလမ်းတကျ မဟုတ်ဘဲ သတိပေးခံရသူ၊ ယာယီ လိုင်စင်ရုပ် သိမ်း ခံရသူ၊ အပြီးတိုင် လိုင်စင် ဖျက်သိမ်းခံရသူ ရှေ့နေပေါင်း ၂၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းက နိုင်ငံရေး အမှုလိုက် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏ အမှုသည်များ ဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ ဝင်များဖြစ်ကြသည့် ကိုအောင်မင်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဝေလွင်မျိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက တရား စီရင်ရေးကို အနှောင့်အယှက် ပေးသည်ဟု စွဲချက်တင်၍ ထောင်ဒဏ် ၆ လစီချမှတ်ခြင်း ခံခဲ့ရသည်။