အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု ဖယ်ရှားပေးရန် ကိုဇာဂနာက တောင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် ယမန်နေ့ညက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကိုဇာဂနာက စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေးခြင်းဖြင့် မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးနေသော ပြည်သူများအတွက် အထောက်အကူ များစွာဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် အထည်ချုပ်စက်ရုံအလုပ်သမားကဲ့သို့သော လူတန်းစားများအတွက် ဖြစ်ကြောင်း ပြောဆိုသည်။
“ဘန်ကောက်မှာ ကျနော် သံတမန် ၁၆ ယောက်လောက်၊ နောက်ပြီး ကမ္ဘာ့ဘဏ်အရာရှိတွေနဲ့ ဒီကိစ္စ ဆွေးနွေးပြီးပြီ” ဟု ပြည်ပသို့ ပထမဆုံးအကြိမ် ခရီးထွက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာက ဆိုသည်။
ရန်ကုန်တွင် နောက်လ၌ ကျင်းပမည့် “လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်” (The Art of Freedom Flim Festival) အတွက် ရုပ်ရှင်ပညာနှင့် ပတ်သက်၍ လေ့လာရန် ထိုင်းနှင့် ကမ္ဘောဒီးယားသို့ ကိုဇာဂနာ ခရီးထွက်လာခြင်း ဖြစ်သည်။
သူ့ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းနှင့် ပြည်ပခရီးသွားခွင့်ပြုခြင်းသည် ဗိုလ်ချုပ်ဟောင်းများ လွှမ်းမိုးထားသည့် မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်နေကြောင်း အထောက်အထားပင်ဖြစ်သည်ဟု ကိုဇာဂနာက ပြောသည်။
သို့သော် သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွှတ်တော်နှင့် ပတ်သက်၍ “ကျနော် နေပြည်တော်လည်း မသွားချင်ဘူး၊ လွှတ်တော်လည်း မရောက်ချင်ဘူး၊ လွှတ်တော်အမတ်လည်း မဖြစ်ချင်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို သဘောမပေါက် နားမလည်သေးတဲ့ လူငယ်တွေအတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်” ဟု ကိုဇာဂနာက ဆိုသည်။
တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်း ပါဝင်နေသော ဆင်းရဲနွမ်းပါးသည့် ပြည်သူအများစုအတွက် အာရုံစိုက် လုပ်ဆောင်ရန်လိုသည်ဟု ကိုဇာဂနာက ဆက်လက်ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ကိုဇာဂနာက “အန်တီက အန်တီ၊ ဇာဂနာက ဇာဂနာပါ။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်တုန်းကလည်း ကိုယ့်စံနဲ့ကိုယ် ခိုင်ခိုင်မာမာရပ်ခဲ့တယ်။ အခုလည်း ဒီအတိုင်းပဲ။ သဘောမတူတာတွေတော့ နေရာအနှံ့မှာ ရှိတာပေါ့လေ” ဟု ပြောသည်။
ပရိသတ် ၁၀၀ ခန့် တက်ရောက်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကိုဇာဂနာက ဟာသတခုကိုလည်း ပြောပြသဖြင့် ပရိသတ် ပွဲကျခဲ့ကြသည်။
အဆိုပါဟာသမှာ ကင်းကောင်က ပျံသန်းနေသော ခရီးသည်တင်လေယာဉ်ကို လေထဲတွင် လိုက်ဖမ်းနေကြောင်း၊ တရုတ်၊ ရုရှ၊ အမေရိကန် ခေါင်းဆောင်များက ကင်းကောင်ကို ရပ်တန့်အောင် ကြိုးပမ်းသော်လည်း မရဘဲ လက်လျှော့လိုက်ကြရကြောင်း၊ သို့သော် မြန်မာခေါင်းဆောင်က ခြိမ်းခြောက်ပြောဆိုလိုက်သည့်အခါတွင်မှု ကင်းကောင် ထွက်ပြေးသွားကြောင်း ဟူ၍ ဖြစ်သည်။ မြန်မာခေါင်းဆောင်က ပြောလိုက်သည်မှာ ကင်းကောင်သည် လေယာဉ်လိုက်ဖမ်းနေသည်ကို မရပ်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သို့ သွင်းလိုက်မည်ဟု ဖြစ်သည်။