ငြိမ်းချမ်းရေး အတွက် ထပ်မံဆွေးနွေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ကိုယ်စားလှယ်များ လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်၌ ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီဝင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။
“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က လုပ်ရင် ကျနော်တို့ အနေနဲ့ ခိုင်မာချင်တဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါမှလည်း ထာဝရ ငြိမ်းချမ်း ရေးကို သွားမှာကိုး ဆိုတော့ အဲဒီက စပြီးတော့ တဦးကို တဦး ဘယ်လို ပြုမှုဆက်ဆံ နေထိုင်ကြမလဲဆိုတာက အစ ဆွေးနွေးကြ မယ်”ဟု ၎င်းက ဆိုသည်။
KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက် များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့ သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။