ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းသည်ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်းနိုင်ငံရေးသမားတဦးက ပြောကြားလိုက်သည်။
သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေး၏တို့အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်းလွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူက ဘာကြောင့် နာမည်ကောင်း ဝင်ယူရတာလဲ။ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ရပေးမှာပါ။ သူ ဝင်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။
သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။
“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီးအတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။
လာဘ်စားမှုဖြင့် ဝရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေးနေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။
သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။
မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။
ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ညနေပိုင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။
မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ဝန်ကြီး ပီချိုင်နာရစ်သက်ဖန်၊ နိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီမှ အမှုဆောင်များလည်း လိုက်ပါသွားကြောင်း သိရသည်။
တနင်္သာရီတိုင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ဝယ်ယူလျက်ရှိသည်။