ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာက မြင်မြင်သမျှ ဆိုသလို သူ့မှာ ရှော့ (အံ့ဘနန်း)ဖြစ် ရတယ်လို့ ပြောလိုက်ပါတယ်။
“လေယာဉ်ကြီးကို တွေ့တဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်ကြီးကို မြင်ရတဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်သွားတယ်၊ အဆောက်အအုံကြီးတွေ တံတားကြီးတွေ ကောင်းမွန်တဲ့ လမ်းမကြီးတွေကို မြင်ရတဲ့ အခါမှာလည်း ကျနော်ရှော့ ဖြစ်သွားခဲ့တယ်”လို့ ဇာဂနာက ပြောလိုက်တာပါ။
သူ့ရဲ့ နိုင်ငံရပ်ခြား ပထမ အမြင်ပေါ်မှာ ရှော့ ဖြစ်ရပုံတွေကို တနင်္လာနေ့က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာပါ။
သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးပါသေးတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်က လူငယ်တွေကိုလည်း သတိရပြီး လူရွှင်တော်ကြီးက စိတ်မကောင်း ဖြစ်မိသွားပုံ ရပါတယ်။
“ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သူက ပြောဆို လိုက်ပြီး“ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ရဲ့နဲ့ ဘာဖြစ်လို့များ ဒီလောက် ကွာခြားရတာလဲ”လို့လည်း မေးခွန်း ထုတ်သလို ဆိုပါတယ်။
သူက အစိုးရနဲ့ ပတ်သက်တဲ့ ဟာသတခုလည်း ပြောသွားပါသေးတယ်။
အဲဒီ ဟာသ က“ကင်းကောင်ကြီး တကောင်က ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်တွေကို လိုက်ဖမ်းနေတယ်တဲ့၊ အဲဒါကို တရုတ် တို့၊ ရုရှား တို့၊ အမေရိကန်တို့က ခေါင်းဆောင်ကြီးတွေက မဖြေရှင်းနိုင်ဘဲ လက်လျှော့လိုက်ရတယ်တဲ့၊ ဒါပေမယ့် မြန်မာ ခေါင်းဆောင်ကြီးက ခြိမ်းခြောက် ပြောဆိုလိုက်တဲ့ အခါမှာတော့ ကင်းကောင်ကြီးဟာ တခါတည်း ထွက်ပြေး သွားပါလေရောတဲ့၊ မြန်မာ ခေါင်းဆောင်ကြီး ပြောလိုက်တာကတော့ အခုလို လေယာဉ်လိုက်ဖမ်းနေတာ မရပ်ရင် ကြံ့ဖွံ့ ပါတီထဲ ဝင်ရမယ်လို့ ပြောလိုက်တာ” ဆိုတဲ့ ဟာသပါ။
ဇာဂနာ ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နဲ့ပတ်သက်ပြီး ဖိတ်ကြားလို့ ပြည်ပကို ထွက်ခွာလာတဲ့ သူ့ရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇာဂနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်က ကချင်ပြည်နယ် မြစ်ကြီးနား ထောင် ကနေ ပြန်လွတ်လာတာပါ။ သူ့ကို အစိုးရက ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတုန်း ဖမ်းပြီး ထောင် ၃၅ နှစ်ချခဲ့တာဖြစ်ပါတယ်။